မြိတ် ၂၉  ဇူလိုင် 

 


တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ပြင်စဘုကျွန်းတွင် ပြည်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီမှ  ဆောင်ရွက်လျက်ရှိသည့် ပုလဲမွေးမြုူထုတ်လုပ်ရေးလုပ်ငန်းနှင့်ပတ်သက်သည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်စစ်ခြင်း     ( Environmental Impact Assessment – EIA )ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ စီမံကိန်းဆိုင်ရာကိစ္စရပ် များ ရှင်းလင်းခြင်းနှင့် အများပြည်သူသဘောထားရယူခြင်း ( Public Consultation )ကို  ဇူလိုင် ၂၇ ရက်က အထက(ပထက်)တွင် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 


ပုလဲထုတ်လုပ်ရာတွင် ကုမ္ပဏီမှ မြန်မာ့ပုလဲလုပ်ငန်းမှ သားပေါက်ငယ်များအား ကျွန်းစခန်းသို့ ယူဆောင်ကာ မြေပြင်+ရေပြင်အကျယ်အဝန်း (၈၆၄၆ ဒသမ ၄) ဧကတွင် Pinctada Maxima မုတ်ကောင်အမျိုးစားဖြင့် မွေးမြူလျက်ရှိပြီး ဝန်ထမ်းစုစုပေါင်း(၁၂၀)ဖြင့် (၂၀၁၇)ခုနှစ်တွင် စတင်ကာ ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းအတွက် ငွေကျပ်သန်း၂၀ဝ၀ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိကြောင်း ကုမ္ပဏီမှ သိရသည်။

 


“ စမ်းသပ်ကာလမှာပဲရှိသေးတော့ ယာယီအဆောက်အဦတွေပဲရှိသေးတယ်။ ပင်လယ်ပြင်ညစ်ညမ်းမှု ဖြစ်ဖို့ဆိုလို့ရှိရင် အပြင်ကယူလာတဲ့ပစ္စည်းတွေ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ဖို့ သေချာအကြံပေးထားပါ တယ်။ EIA . SIA လုပ်တယ်။ ကုမ္ပဏီအနေနဲ့ အစီရင်ခံစာပြီးသွားတဲ့အချိန်ကျမှ မဟုတ်ပါဘူး။ လေ့လာရေးတွေ လုပ်တဲ့အချိန်မှာ လေ့လာရင်းနဲ့ သူတို့ကို သင်ပေးသွားတာရှိပါတယ်” ဟု ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေး ဦးစိုးမင်း က ပြောသည်။  

 


ရှင်းလင်းဆွေးနွေးပွဲတွင် ကျွန်းစုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦးက အမှာစကားပြောကြားပြီး ပြည်ဖြိုး ထွန်းကုမ္ပဏီ ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်း မန်နေဂျာ ဦးမောင်မောင်သွင် က စီမံကိန်းနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားသည်။ ယင်းနောက် E Guard  Environmental Services ဒါရိုက်တာ  ဦးစိုးမင်း က  စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်သော  ပတ်ဝန်းကျင်ဆန်းစစ်ခြင်း ( EIA ) လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များ နှင့် ထားရှိရမည့်စီမံခန့်ခွဲမှု အစီအစဉ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြသည်။  

 


ထိုနောက် ဆွေးနွေးပွဲကို တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ပတ်ဝန်းကျင်အပေါ်ထိခိုက်နိုင်မှုများ လျှော့နည်းသက်သာ စေရန်လုပ်ဆောင်ရမည့် နည်းလမ်းများနှင့်ပတ်သက်ပြီး ဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြရာ တာဝန်ရှိသူများက ပြန် လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )