အိမ်မဲ ၂၉ ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထက(ခွဲ)တကော ကျောင်းခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ''လူကုန်ကူးမှုပပျောက်ရေး ပြည်သူအားလုံး ပါဝင်ပေး''ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲတွင် အိမ်မဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဒေါ်ရီရီထွန်း၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကိုကြီး၊ မြို့နယ် လ.ဝ.က ဒုဦးစီးမှူး ဦးမြင့်အောင်နှင့် အထက(၁) ကျောင်းအုပ် ဆရာမကြီး ဒေါ်ညိုညိုသိန်းတို့က ''ပြည်သူ့အခြေပြုလူမှုကာကွယ်စောင့်ရှောက်ရေး'' ''လူကုန်ကူးမှု ပပျောက်ရေးပြည်သူအားလုံးပါဝင်ပေး'' ''လူကုန်ကူးမှုနှင့်မှုခင်းအတွေ့အကြုံများ'' ''လူကုန်ကူးမှု ပြဿနာများ'' ''ကျောင်းသားကျောင်းသူများနှင့် မိဘများ သတိပြုစရာများ'' ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများက မိမိတို့ သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များ၊  ဌာနဆိုင်ရာများ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်း ၂၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)