စစ်တွေ ၂၉ ဇူလိုင်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့နယ်ကို အဓိကဆက်သွယ်ပေးမည့် ကင်း ချောင်းတံတားတည်ဆောက်ရေးလုပ်ငန်းမှာယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ( ၆၄ ရာခိုင်နှုန်း) ကျော်ပြီးစီးနေပြီဖြစ်ပြီး လာမည့် (၂၀၂၀) ပြည့်နှစ် ဧပြီလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါတံတားအား တာဝန်ယူဆောက်လုပ်နေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးဖွဲ့ (၈) မှ သိရသည်။
အဆိုပါတံတားသည် ကျောက်ဖြူမြို့နယ် ဇင်ချောင်း-ကင်းမြောက်-လေးတောင် လမ်း မိုင်တိုင်အမှတ် (၆/ဝ-၁) အကြားတွင် တည်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ (၂)၊ တံထားအထူးအဖွဲ့ (၈) မှ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက်မှ စတင်၍ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်သည်။
ယင်းတံတားမှာသံမဏိသံပေါင်နှင့် သံကူကွန်ကရစ် ကြမ်းခင်းအမျိုးအစားဖြစ်ပြီး အရှည်(၁၂၅၆ ပေ ၇ လက်မ)ရေလမ်းကင်းလွတ်အမြင့်(၁၉ပေ -၆လက်မ) ရေလမ်းကင်း လွတ်အကျယ်(၃၆၀)ပေ ရှိကာယာဉ်တစ်စီးချင်းစီ၏ ခွင့်ပြုအလေးချိန်မှာ(၇၅)တန် ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ကျောက်ဖြူကနေ ရမ်းဗြဲကို သွားမယ်ဆိုရင် ကင်းချောင်းကိုဖြတ်ရ တယ်။ ကင်းချောင်းမှာ တံတားမရှိတော့ စက်လှေတွေနဲ့ ကူးသွားရတာ အန္တရာယ်များပါ တယ်။ ပင်လယ်ကမ်းစပ်နားဖြစ်တဲ့အတွက် အခုလိုရာသီမှာ ရေလှိုင်းတွေလည်း ကြောက် ရတယ်။ အခုလ အစောပိုင်းကလည်း လေပြင်းတိုက်ခတ်ပြီး ကင်းချောင်း ကူးတို့ ဆိပ်မှာ စက်လှေတစ်စင်းနစ်မြုပ်ခဲ့လို့ လူသေဆုံးမှုတောင် ရှိခဲ့တယ်။ ဒါကြောင့် ဒီကင်းချောင်းတံတားက ကျွန်တော်တို့ဒေသအတွက် မဖြစ်မနေလိုအပ်နေတဲ့ တံတားတစ် စင်းဖြစ်ပါတယ်။ အခုလို တံတားကြီးဆောက်လုပ်ပေးတာ အလွန်ဝမ်းသာပါတယ်"ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံ တစ်ဦးက ပြောသည်။
ကင်းချောင်းတံတားသည် ရမ်းဗြဲကျွန်းပတ်လမ်းနှင့်ကျောက်ဖြူမြို့နယ် အတွင်းရှိ ဇင်ချောင်း-ကင်းမြောက်လမ်းတို့အားဆက်သွယ်မည့် တံတားဖြစ်ပြီးယခုတံတား တည်ဆောက်မှု ပြီးစီးသွားပါကကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်ကျွန်းပတ်လမ်းမှတစ်ဆင့် မာန်အောင်မြို့ နယ်များသို့ သွားလာရေးလွယ်ကူလျင်မြန်လာစေမည့်အပြင် ကျောက်ဖြူစီးပွားရေးဇုန်အပါ အဝင် ဒေသထွက်ကုန်များကိုလည်း အခြားဒေသများသို့ အလွယ်တကူတင်ပို့နိုင်မည်ဖြစ် ကြောင်း သိရသည်။
တင်မောင်လွင်၊ ဓာတ်ပုံ-ကိုသွင်


