နေပြည်တော် ၂၉  ဇူလိုင် 


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ဇူလိုင် ၂၃ ရက်မှ  ၂၄ ရက်အထိ “Connected For A Better Future” ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အာဆီယံ - တရုတ် ပြန်ကြားရေးဝန်ကြီးများအဆင့် သတင်းမီဒီယာဖိုရမ်သို့ တက်ရောက်ခဲ့သည်။


ဇူလိုင်  ၂၃  ရက် နံနက်ပိုင်းတွင် ဂျာကာတာမြို့ရှိ Hotel Mulia Senayan ၌ ကျင်းပသည့် High Level Conference on ASEAN – China Media Cooperation ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ အာဆီယံနိုင်ငံများမှ ပြန်ကြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ရေဒီယိုနှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဝန်ကြီး မစ္စတာဖန်ဝေပင်း၊ အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟောင်ရှီလန်၊ တရုတ်နိုင်ငံတက္ကသိုလ်များနှင့် ရုပ်မြင်သံကြားဌာနများမှ ကိုယ်စားလှယ်အဖွဲ့များနှင့် အာဆီယံအထွေထွေအတွင်းရေးမှူး ချုပ်ရုံးမှ  ASCC Deputy Secretary – General မစ္စတာကွန်ဖုတ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 


ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက  အာဆီယံ-တရုတ် မီဒီယာ ကဏ္ဍပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဆိုင်ရာကိစ္စရပ်များကို ပါဝင်ဆွေးနွေး ပြောကြားသည်။  


ဇူလိုင်၂၄ ရက် နံနက်ပိုင်းတွင်  ASEAN- China High Level Media Forum ကို ကျင်းပရာ တရုတ်နိုင်ငံအမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားစီမံခန့်ခွဲရေး အဖွဲ့ ဒုတိယ ဝန်ကြီး မစ္စတာဖန်ဝေပင်း ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဒါတိုလင်မ် ဂျော့ ဟွိုင်း နှင့် အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟောင်ရှီလန်နှင့် အာဆီယံ နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ  တက်ရောက်သည်။ 


အစည်းအဝေးတွင် မီဒီယာကဏ္ဍပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ စကားဝိုင်းဆွေးနွေးပွဲ နှစ်ရပ်ကျင်းပရာ “The Role of Media in Building  a Closer ASEAN – China Community with a Shared Future ” ခေါင်းစဉ်ဖြင့်ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲ၌ ဒုတိယဝန်ကြီးဦးအောင်လှထွန်းက  Panelist အဖြစ်ပါဝင်၍ ဒစ်ဂျစ်တယ်ခေတ်တွင် မီဒီယာကဏ္ဍအရေးကြီးပုံကို မြန်မာနိုင်ငံ၏ အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ ဆွေးနွေးပြောကြားသည်။ 


ညနေပိုင်းတွင်  ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့်အဖွဲ့သည် ဂျကာတာမြို့ရှိ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးသို့ သွားရောက်၍ အာဆီယံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမင်းလွင်နှင့် အဖွဲ့အား တွေ့ဆုံပြီး အာဆီယံအထွေထွေ အတွင်းရေး မှူးချုပ်ရုံးရှိ စာကြည့်တိုက်၊ ပြခန်းများနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ရုံးသစ်တို့ကို လှည့်လည်ကြည့်ရှုခဲ့သည်။ 


(သတင်းစဉ်)