၃၀  ဇူလိုင်

စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံတွင်အသည်းရောင်အသားဝါ (ဘီ)နှင့်(စီ)ရောဂါတို့ ဖြစ်ပွားမှု မြင့်တက်လျက်ရှိသည်ဟု သိရသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာအသည်းဖောင်ဒေးရှင်းတို့ ဦးစီးကောက်ယူခဲ့သော အဆိုပါစစ်တမ်းတွင် လူဦးရေ၏ ၆ ဒသမ ၅ ရာခိုင်နှုန်း မှာ အသည်းရောင်အသားဝါ(ဘီ)ရောဂါဖြစ်ပွားနေပြီး လူဦးရေ၏ ၂ ဒသမ ၇ ရာခိုင်နှုန်းမှာ အသည်းရောင်အသားဝါ(စီ)ရောဂါ ဖြစ်ပွားနေသည်ဟု ဆိုထားသည်။ အဆိုပါ စစ်တမ်းကို ၂၀၁၅ ခုနှစ်အတွင်းက ကောက်ယူခဲ့ခြင်းဖြစ်သည့်အတွက် ကိန်းဂဏန်းများမှာ လေးနှစ်တာကာလအတွင်း ပြောင်းလဲမှုများ ရှိနေလိမ့်ဦးမည်။

အသည်းရောင်ရောဂါဖြစ်ပွားသူများ၏ ၁၀ ဦးတွင် တစ်ဦးခန့်သည် ရောဂါဖြစ်ပွားနေကြသည်ကို မသိရှိကြသဖြင့် ကုသမှုများကို အချိန်မီမခံယူ နိုင်ကြသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့အသည်းရောင်အသားဝါရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။ အသည်းရောင်အသားဝါဘီပိုးနှင့် စီပိုးတို့က ရောဂါလက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ ငုပ်လျှိုးနေနိုင်သည်။ ဘီပိုးကနှစ်ပေါင်းများစွာကြာပြီးမှ ရောဂါဖြစ်လာနိုင်သည်။ စီပိုးသည် ၅ နှစ် - ၁၀ နှစ်မှ ၁၅ နှစ် - နှစ် ၂၀ အတွင်း အသည်းခြောက်ရောဂါဖြစ်လာနိုင်သည်ဟု ဆိုသည်။ အသည်းခြောက်ရောဂါမှတစ်ဆင့် အသည်းကင်ဆာဖြစ်လာနိုင်ခြင်းကြောင့် အသည်းမခြောက်မီ ကုသနိုင်ကြဖို့ လိုသည်။ ဘီပိုးက ကာကွယ်ဆေးရှိသည်။ ကုသရန်အတွက်မူ အောင်မြင်မှုကောင်းကောင်းမရသေး။ စီပိုးကမူ ကာကွယ်ဆေးမရှိ။ သို့ရာတွင် အောင်မြင်စွာကုသနိုင်ပြီဟု မှတ်သားရဖူးသည်

အသည်းရောင်အသားဝါ(ဘီ)နှင့်(စီ)တို့ ဖြစ်ပွားမှုမြင့်တက်ရခြင်းမှာ ကူးစက်ရသည့်နည်းလမ်းကို သတိမပြုကြခြင်းတို့ကြောင့် ဖြစ်မည်ဟု ယူဆမိသည်။ ရောဂါပိုးသည်သွေး၊ ခန္ဓာကိုယ်မှထွက်သောအရည်များ၊ တံတွေးများတွင်ပါဝင်ပြီး ယင်းတို့မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည့်အတွက် ရောဂါပိုးရှိသော မိခင်မှမွေးဖွားသည့် ကလေးသို့လည်းကောင်း၊ ရောဂါပိုးပါဝင်သည့်သွေး၊ အရည်တို့ကို ထိတွေ့ကိုင်တွယ်မိခြင်းကြောင့် လည်းကောင်း၊ ရောဂါပိုးပါနေသည့်ဆေးထိုးအပ်၊ သွေးဖောက်အပ်၊ နားဖောက် အပ်၊ ဆေးမင်ကြောင်အပ်နှင့် အပ်စိုက်ကုသည့်အပ်တို့မှလည်းကောင်း၊ ရောဂါပိုးပါသော ကိုယ်ခန္ဓာအစိတ်အပိုင်း၊ သွေးတို့ကို အစားထိုးကုသမိ ခြင်းမှလည်းကောင်း၊ ရောဂါရှိသူနှင့် လိင်ဆက်ဆံမိခြင်းမှလည်းကောင်း ကူးစက်ခြင်းဖြစ်သည့်အတွက် ယင်းအပြုအမူများကို ဂရုတစိုက်ပြုလုပ် ကြရမည်ဖြစ်သည်။ မလိုအပ်ဘဲ ဆေးထိုးခြင်းကို ရှောင်ကြဉ်သင့်ပြီး တစ်ခါသုံးအပ်များကိုသာသုံးစွဲရန်၊ လက်သန့်ရှင်းရေးနှင့်တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြုရန်၊ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓားတို့ကိုမျှဝေ သုံးစွဲမှုမပြုရန်တို့ကို အသည်းရောင်(ဘီ)ပိုး၊ (စီ)ပိုးကူးစက်မှုကာကွယ်ရန် နည်းလမ်းများအဖြစ် ဂရုပြုကြရမည်ဖြစ်သည်။

ဘီပိုးသည်ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်နိုင်သည့်အလျောက် ကြိုတင်ကာကွယ်ဆေး(၃)ကြိမ်ထိုးပြီး ကာကွယ်ထားနိုင်သည်။ မွေးဖွားပြီး ကလေးကို ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကာကွယ်နိုင်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းက ကလေးငယ်များအတွက် အသည်းရောင်(ဘီ)ရောဂါကာကွယ် ဆေးများကို မွေးကင်းစ၊ အသက်(၂)လ၊ အသက်(၄)လ၊ အသက်(၆)လတို့တွင် အခမဲ့ထိုးနှံပေးလျက်ရှိပြီး ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ရှိဆေးရုံကြီး(၇)ရုံ၊ ၂၀၁၈ ခုနှစ်တွင် မြစ်ကြီးနားနှင့် မော်လမြိုင်ရှိဆေးရုံကြီးများ၌ အသည်းရောင် အသားဝါ(စီ)ကုသမှုဌာနများဖွင့်လှစ်၍ အခမဲ့ကုသပေးလျက်ရှိရာ ယခုနှစ်မေလအထိ စီပိုးဝေဒနာရှင် ၅၀ဝ၀ ခန့်ကို ကုသပေးနိုင်ခဲ့ကြောင်း၊ လာမည့်ဩဂုတ်နှင့် စက်တင်ဘာလတို့တွင် စီပိုးကုသမှုဌာနများထပ်မံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့အသည်းဖောင်ဒေးရှင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အသင်းခွဲ ၂၃ ခုဖြင့် အသည်းရောင်ရောဂါ(ဘီ)နှင့် (စီ)ရှိမရှိစစ်ဆေးခြင်း၊ (ဘီ)ပိုး ကာကွယ်ဆေးထိုးနှံခြင်း၊ (စီ)ပိုးရောဂါဖြစ်ပွားသူများကုသခြင်းများ ဆောင်ရွက်နေခြင်းတို့မှာ အားတက်ဖွယ်ရာ သတင်းကောင်းများပင် ဖြစ်သည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက်အရင်းခံကျသည့်အလျောက် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိတို့ဖြင့် မိမိတို့၏ အပြုအမူအနေထိုင်များကို ဆင်ခြင်ကာကွယ်နေထိုင်နိုင်ကြဖို့ကိုသာ တိုက်တွန်းနှိုးဆော်လိုသည်။ မိမိတို့၏ကျန်းမာရေးကို မိမိကိုယ်တိုင်ဂရုစိုက်ခြင်းဖြင့် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်နေသော အသည်းရောင်အသားဝါ တိုက်ဖျက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကြစေလိုပါကြောင်း။ ။

မြန်မာ့အလင်း