နေပြည်တော် ၃၀ ဇူလိုင်

နိုင်ငံတစ်ဝန်း ရာသီတုပ်ကွေးရောဂါ A H1N1 pdm09  ဖြစ်ပွားမှုကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၂၉ ရက်အထိ ဓာတ်ခွဲအတည်ပြုပြီး ရောဂါပိုးတွေ့ရှိသူ ၄၁၇ ဦးရှိကာ သေဆုံးသူ ၈၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း ရာသီတုပ်ကွေးရောဂါ A H1N1 pdm09 သံသယရှိသဖြင့် ယနေ့အထိ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၉၉၅ ဦးအနက် ရောဂါဖြစ်ပွားသူ ၄၁၇ ဦးရှိပြီး သေဆုံးသူ ၈၁ ဦး ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၄၈၂ ဦးအနက် ရောဂါဖြစ်ပွားသူ ၂၁၆ ဦးရှိကာ သေဆုံးသူ ၆၂ ဦး ရှိပြီဖြစ်၍ H1N1 ကြောင့် သေဆုံးမှုအများဆုံးဖြစ်ကြောင်း သိရသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၃၅ ဦးအနက် သေဆုံးသူ ငါးဦး၊ ကချင်ပြည်နယ်တွင် ရောဂါဖြစ်ပွားသူ ၂၄ ဦး၊ သေဆုံးသူ တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၁၈ ဦး၊ သေဆုံးသူ ငါးဦး၊ မကွေးတိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၁၆ ဦး၊ သေဆုံးသူ တစ်ဦး၊ စစ်ကိုင်း တိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ခုနစ်ဦး၊ သေဆုံးသူနှစ်ဦး၊ မွန်ပြည်နယ်တွင် ရောဂါဖြစ်ပွားသူ ရှစ်ဦး၊ သေဆုံးသူ သုံးဦးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ရောဂါဖြစ်ပွားသူ ငါးဦး၊ သေဆုံးသူတစ်ဦး၊ ရခိုင်ပြည်နယ်တွင် ရောဂါဖြစ်ပွားသူ ၂၈ဦး၊ သေဆုံးသူတစ်ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့အတူ နေပြည်တော်တွင် ဓာတ်ခွဲအတည်ပြုပြီးနောက် ရောဂါဖြစ်ပွားသူ ၃၅ ဦး၊ ကရင်ပြည်နယ်တွင် ခုနစ်ဦးနှင့် ကယားပြည်နယ်တွင် ခြောက်ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ငါးဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လေးဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် သုံးဦးရှိပြီး စုစုပေါင်း ရောဂါဖြစ်ပွားသူ ၄၁၇ ဦးနှင့် သေဆုံးသူ ၈၁ ဦး ရှိပြီဖြစ်ကာ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရောဂါပိုးတွေ့ရှိသူမရှိသေးကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါ A H1N1 pdm09  ဖြစ်ပွားသူများအနက် အသက် ၁၅ နှစ်မှ ၆၅ နှစ်အထိ ၅၃ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အထက်တွင် ၁၁ ရာခိုင်နှုန်း၊ အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ၁၃ ရာခိုင်နှုန်း၊ အသက် ၁ နှစ်မှ ငါးနှစ်အထိ ၁၇ ရာခိုင်နှုန်းနှင့် အသက်တစ်နှစ်အောက်တွင် ၆ ရာခိုင်နှုန်းရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဇင်ဦး(မြန်မာ့အလင်း)