အဘူဂျာ ၃၀ ဇူလိုင်

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဈာပနတစ်ခုကို ဘိုကိုဟာရမ် တိုက်ခိုက်ရေးသမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၆၅ ဦးထက်မနည်းရှိလာပြီး မူလအရေ အတွက်ထက် သုံးဆဖြစ်လာကြောင်း ဒေသအာဏာပိုင်တစ်ဦးက ပြောကြားခဲ့သည်။

ဘိုကိုဟာရမ်အဖွဲ့မှ သေနတ်သမားများက မိုင်ဒူဂူရီ ဒေသဆိုင်ရာမြို့အနီးရှိ ကျေးရွာတစ်ရွာကို ဇူလိုင် ၂၇ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ အရေအတွက် ၆၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း ဒေသအုပ်ချုပ်ရေးမှူး မိုဟာမက်ဘူလာမာကပြောသည်။ ဈာပနရှိ လူအများစုဝေးရာ နေရာကို ကနဦး တိုက်ခိုက်ခဲ့မှုတွင် လူ၂၀ ကျော် သေဆုံးခဲ့ပြီး စစ်သွေးကြွများအား လိုက်လံဖမ်းဆီးရန် ကြိုးစားခဲ့ချိန်တွင် နောက်ထပ်အများအပြား သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဘူလာမာက ပြောကြားခဲ့သည်။

ဒေသရှိ ဘိုကိုဟာရမ်အဖွဲ့ကို ဆန့်ကျင်သည့်တပ်ဖွဲ့က သေဆုံးသူ အရေအတွက်ကို အတည်ပြုခဲ့သည်။ နောက်ဆုံး ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် လွန်ခဲ့သောနှစ်ပတ်အကြာက ဘိုကိုဟာရမ် တိုက်ခိုက်ရေးအဖွဲ့သားများ ကျေးရွာသို့ ချဉ်းကပ်လာချိန်တွင် ဒေသခံများ၏ တိုက်ခိုက်မှုကြောင့် အဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့မှုကို လက်တုံ့ပြန်သည့် တိုက်ခိုက်မှုဖြစ်ဟန်ရှိကြောင်း ဘူလာမာက ဆိုသည်။ ယင်းတိုက်ခိုက်မှုတွင် ဒေသခံများက အော်တိုမစ်တစ် ရိုင်ဖယ်သေနတ် ၁၀ လက်ကိုပါ သိမ်းဆည်းခဲ့သည်။

ဘိုကိုဟာရမ် တိုက်ခိုက်ရေးသမားများသည် အနီးတစ်ဝိုက်ရှိ  Nganzai ဒေသကိုလည်း မကြာခဏဆိုသလို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့သည် နိုင်ဂျီးရီးယား အရှေ့မြောက်ပိ်ုင်းတွင် ဆယ်စုနှစ်တစ်ခုကြာအောင် ပုန်ကန်ထကြွမှုများလုပ်ဆောင်ခဲ့ရာ ပြည်သူ ၂၇၀ဝ၀ ခန့် သေဆုံးခဲ့ပြီဖြစ်ပြီး လူနှစ်သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရလျက်ရှိသည်။

အေအက်ဖ်ပီ