စစ်တွေ ဇူလိုင် ၂၉

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့နယ်ကို အဓိက ဆက်သွယ်ပေးမည့် ကင်းချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းမှာ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၆၄ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး လာမည့် ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါတံတားအား တာဝန်ယူဆောက်လုပ်နေသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားအထူးဖွဲ့ (၈)မှ သိရသည်။

အဆိုပါတံတားသည် ကျောက်ဖြူမြို့နယ် ဇင်ချောင်း-ကင်းမြောက်-လေးတောင် လမ်းမိုင်တိုင်အမှတ် (၆/ဝ-၁) အကြားတွင် တည်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားတည်ဆောက်ရေး အဖွဲ့ (၂)၊ တံတားအထူးအဖွဲ့ (၈) မှ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက်မှ စတင်၍ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်သည်။

ယင်းတံတားမှာ သံမဏိသံပေါင်နှင့် သံကူကွန်ကရစ် ကြမ်းခင်းအမျိုးအစား ဖြစ်ပြီး အရှည် ၁၂၅၆ ပေ ၇ လက်မ၊ ရေလမ်းကင်းလွတ် အမြင့် ၁၉ ပေ ၆ လက်မ၊ ရေလမ်းကင်း လွတ်အကျယ် ပေ ၃၆၀ ရှိကာ ယာဉ်တစ်စီးချင်းစီ၏ ခွင့်ပြုအလေးချိန်မှာ ၇၅ တန် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကျောက်ဖြူကနေ ရမ်းဗြဲကို သွားမယ်ဆိုရင် ကင်းချောင်းကို ဖြတ်ရတယ်။ ကင်းချောင်းမှာ တံတားမရှိတော့ စက်လှေတွေနဲ့ ကူးသွားရတာ အန္တရာယ်များပါတယ်။ ပင်လယ်ကမ်းစပ်နားဖြစ်တဲ့အတွက် အခုလိုရာသီမှာ ရေလှိုင်းတွေလည်း ကြောက်ရတယ်။ အခုလ အစောပိုင်းကလည်း လေပြင်းတိုက်ခတ်ပြီး ကင်းချောင်းကူးတို့ဆိပ်မှာ စက်လှေတစ်စင်း နစ်မြုပ်ခဲ့လို့ လူသေဆုံးမှုတောင် ရှိခဲ့တယ်။ ဒါကြောင့် ဒီကင်းချောင်းတံတားက ကျွန်တော်တို့ဒေသအတွက် မဖြစ်မနေလိုအပ်နေတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်။ အခုလို တံတားကြီးဆောက်လုပ်ပေးတာ အလွန်ဝမ်းသာပါတယ်”ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ကင်းချောင်းတံတားသည် ရမ်းဗြဲ ကျွန်းပတ်လမ်းနှင့် ကျောက်ဖြူမြို့နယ် အတွင်းရှိ ဇင်ချောင်း-ကင်းမြောက်လမ်း တို့အား ဆက်သွယ်မည့် တံတားဖြစ်ပြီး ယခုတံတား တည်ဆောက်မှု ပြီးစီးသွားပါက ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ် ကျွန်းပတ်လမ်းမှတစ်ဆင့် မာန်အောင်မြို့နယ်များသို့ သွားလာရေး လွယ်ကူလျင်မြန် လာစေမည့်အပြင် ကျောက်ဖြူစီးပွားရေး ဇုန်အပါအဝင် ဒေသထွက်ကုန်များကိုလည်း အခြားဒေသများသို့ အလွယ်တကူ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

တင်မောင်လွင်၊ ဓာတ်ပုံ-ကိုသွင်

tml 30719-