လားရှိုး ၃၀ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းရှိ ရေလှောင်တမံများအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) (ရုံးချုပ်)၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်အေးထူးနှင့်အဖွဲ့က ဇူလိုင်လ နောက်ဆုံးပတ်၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားသည့် လားရှိုးမြို့နယ်အတွင်းရှိ ဟူးမွန်ရေလှောင်တမံ၊ ကောက်ကွေ့ရေလှောင်တမံနှင့် နမ့်ကျန်ရေလှောင်တမံများတွင် သဘာဝ ဘေးအန္တရာယ်တစ်ရပ်ရပ်ကြောင့် ကျိုးပေါက်ပျက်စီးမှုများ မဖြစ်ပေါ်စေရန်အတွက်ဌာနမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ၊ ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေးခဲ့ပြီး တမံကြံ့ခိုင်မှု သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောရန်နှင့် တမံအောက်ဘက်ရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးသက်သာစေရန် အရေးပေါ်အခြေအနေ အဆင့် (၁)၊ (၂)၊ (၃) သတ်မှတ်၍ အရေးပေါ်အခြေအနေအဆင့်(၁) ဖြစ်ပါက ပြည်သူများအား အသိပေးနိုင်ရေး အစိမ်းရောင်အလံလွှင့်ထူရန်၊ အဆင့်(၂) ဖြစ်ပေါ်ပါက အဝါရောင်အလံလွှင့်ထူ၍ အသံချဲ့စက်ဖြင့် ကြော်ငြာရန်၊ အဆင့်(၃) ဖြစ်ပေါ်ပါက အနီရောင်အလံလွှင့်ထူ၍ အသံချဲ့စက်ဖြင့် ကြော်ငြာရန်နှင့် အနိမ့်ပိုင်းနေရာတွင် နေထိုင်ခြင်းမပြုရန်တို့နှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက တာဝန်ရှိသူများနှင့် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ် အချက်အလက်များ၊ လက်ကမ်းစာစောင်များကို ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများထံသို့ ပေးဝေရန် မှာကြားခဲ့ကြောင်း သိရသည်။
မောင်မွှေး


