သွေးတိုးတယ်ဆိုတာက နာတာရှည်ရောဂါတစ်မျိုးပါ။ ကုသပျောက်ကင်းဖို့ မဖြစ်နိုင်ပါဘူး။ နေ့စဉ်စားသောက် နေထိုင်မှုကို အစဉ်မပြတ် ဂရုစိုက်နေမှ ရမှာပါ။ ဒီနေရာမှာ မေးစရာရှိတာက သွေးတိုးဆိုတာ အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ ရောဂါတစ်ခုလားဆိုတာပါ။ ဒီကိစ္စကို သေသေချာချာလေး သိချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။
သွေးတိုးက လူကြီးတွေမှာပဲ ဖြစ်တတ်တာလား…….
မဟုတ်ပါဘူး။ သွေးတိုးတာက အသက်အရွယ်နဲ့မဆိုင်ပါဘူး။ အရွယ်မရွေးသွေးတိုးတာကို ခံစားရနိုင်ပါတယ်။ နေမကောင်းနေတဲ့အချိန် အဖျားသွေးရှိနေချိန်တွေမျာ သွေးပေါင်ချိန်မြင့်တာက ဖြစ်တတ်တဲ့ အခြေအနေတစ်ရပ်ဖြစ်ပြီး ဒီအနေအထားကို သွေးတိုးတယ်၊လို့ မဆိုသာပါဘူး။ အဖျားသွေးကျသွားတဲ့အခါ သွေးပေါင်ချိန်က ပုံမှန်အခြေအနေကို ပြန်ရောက်သွားနိုင်ပါတယ်။ ပြောချင်တဲ့ လိုရင်းကတော့ ဘေဘီလေးကနေစလို့ ဖိုးဖိုးဖွားဖွားတွေအထိ အရွယ်တိုင်းက သွေးတိုးနိုင်တယ်ဆိုတာပါ။
သွေးတိုးနိုင်ခြေ ပုံမှန်ထက်ပိုများနေသူတွေက ဘယ်သူတွေလဲ…..
သွေးတိုးတာက လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ဒီအခြေအနေရှိသူတွေက ပုံမှန်ထက်သွေးတိုးနိုင်ခြေ ပိုများပါတယ်။
- ပုံမှန်ထက် ကိုယ်အလေးချိန်များနေတာ
- မေမေက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးရှိနေခဲ့တာ
- မျိုးရိုးရှိတာ
- လမစေ့ဘဲမွေးတာ
- ပေါင်မပြည့်ဘဲမွေးလာတာ
- မွေးရာပါ ဆီးချိုရောဂါပါလာတာ
- သွေးတွင်းကိုလက်စထရောမြင့်နေတာ
- အငန်အစားများတာ
- တဆင့်ခံဆေးလိပ်ငွေ့နဲ့ ထိတွေ့မှုများတာ
- အထိုင်များတာ
- ကိုယ်လက်လှုပ်ရှားမှုနည်းတာ
- နှလုံးသွေးကြောကျဉ်းနေတာ
- အိပ်စက်မှုပြဿနာရှိနေတာ
- နာတာရှည်ကျောက်ကပ်ရောဂါရှိနေတာတွေကြောင့် သွေးတိုးနိုင်ပါတယ်။
အသက်အရွယ်အလိုက်ရှိသင့်တဲ့ သွေးပေါင်ချိန်
အသက်အရွယ်အလိုက်ရှိသင့်တဲ့ သွေးပေါင်ချိန်တွေက
- အသက် ၁ လကနေ ၁၂ လအတွင်း အပေါ်သွေး ၇၅ ကနေ ၁၀ဝ ကြား၊ အောက်သွေး ၅၀ ကနေ ၇၀ ကြား
- အသက် ၁ နှစ်ကနေ ၄ နှစ်အတွင်း အပေါ်သွေး ၈၀ ကနေ ၁၁၀ ကြား၊ အောက်သွေး ၅၀ ကနေ ၈၀ ကြား
- အသက် ၃ နှစ်ကနေ ၅ နှစ်အတွင်း အပေါ်သွေး ၈၀ ကနေ ၁၁၀ ကြား၊ အောက်သွေး ၅၀ ကနေ ၈၀ ကြား
- အသက် ၆ နှစ်ကနေ ၁၃ နှစ်အတွင်း အပေါ်သွေး ၈၅ ကနေ ၁၂၀ ကြား၊ အောက်သွေး ၅၅ ကနေ ၈၀ ကြား ကပုံမှန်ရှိသင့်တဲ့ သွေးပေါင်ချိန်ပါ။
အသက်အရွယ်ကြီးလာမှုအလိုက် သွေးပေါင်ချိန်ကလည်း ပြောင်းလဲလာနိုင်ပါတယ်။
သွေးတိုးရဲ့ နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ…….
ကလေးက ငယ်ငယ်မှာကတည်းကသွေးတိုးရောဂါခံစားနေရတာကို သေချာဂရုမစိုက်ပေးဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ အရွယ်ရောက်လာတဲ့အခါ
- လေဖြတ်တာ
- ရုတ်တရက်နှလုံးရပ်တာ
- နှလုံးရောဂါခံစားရတာ
- ကျောက်ကပ်ရောဂါခံစားရတာတွေဖြစ်လာနိုင်ပါတယ်။
ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်
ကိုယ့်ရဲ့ ရင်သွေးလေးကို သွေးတိုးရောဂါကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို သွေးတိုးမဖြစ်စေဖို့ဆိုရင်
- ကလေးရဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးပါ
- ကျန်းမာရေးနဲ့ညီညွတ်အောင်ကျွေးပေးပါ
- ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခိုင်းပါ
- အိပ်ရေးဝဝအိပ်စေပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
ရေးသားသူ-Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ-Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”