ညောင်ဦး ၃၀ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၅ ကျောင်း ယာယီပိတ်ထားခဲ့ပြီး ဇူလိုင် ၂၈ ရက်နေ့က ဧရာဝတီမြစ်ရေ ပြန်လည် ကျဆင်း သွားပြီဖြစ်၍ စာသင်ကျောင်း နှစ်ကျောင်း ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူများကို ပညာသင်ကြား ပေးနေပြီ ဖြစ်ကြောင်း ညောင်ဦးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ထောင်ကြီးကျေးရွာ(အ.မ.က)၊ ဗုဒ္ဓကုန်းကျွန်း ကျေးရွာ (အ.မ.က)၊ လက်ထုပ်ကျွန်းကျေးရွာ(အ.မ.က)၊ အုန်းနှဲချောင်းကျေးရွာ(အ.မ.က)နှင့် ရေလယ်ကျွန်းကျေးရွာ (အ.ထ.က)၊ စုစုပေါင်း အခြေခံပညာစာသင်ကျောင်း(၅)ကျောင်း ဧရာဝတီမြစ်ရေများဝင်ရောက်ခဲ့မှုကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဘေးကင်းလုံခြုံစေရန်အတွက် ယာယီပိတ်ထားရကြောင်း သိရသည်။
ယခုအခါ ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် ယာယီပိတ်ထားသည့် စာသင်ကျောင်း ငါးကျောင်းတွင် ညောင်ဦးမြို့နယ် ရေလယ်ကျွန်းကျေးရွာ(အ.ထ.က)ကျောင်းနှင့် ထောင်ကြီးကျေးရွာ (အ.မ.က) ကျောင်း တို့မှာ ဇူလိုင် ၂၈ ရက်နေ့က ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူများကို စာသင်ချိန်နောက်မကျစေရေး အတွက် ပညာသင်ကြားပေးနေပြီဖြစ်သည်။
ထို့အပြင် ကျန်ရှိသည့် စာသင်ကျောင်း သုံးကျောင်းမှာလည်း မြစ်ရေများ ကျဆင်းသွားပြီဖြစ်ကာ ဩဂုတ် ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဌေး ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပုဂံမြေ)


