မန္တလေး ၃၀ ဇူလိုင်
မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးရုံသစ်ဖွင့်ပွဲ (၂၅)နှစ်မြောက် ငွေရတု အထိမ်းအမှတ် သံဃာတော်အပါး ၁၀ဝ၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မန္တလေးမြို့၊ အဆင့်မြင့်ဈေးချိုတော် အရှေ့ဘက် ၈၄လမ်း၊၂၆×၂၇လမ်းကြားတွင် ယနေ့ နံနက် ၈ နာရီ က ကျင်းပပြုလုပ်သည်။
အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် မန္တလေးဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ဥက္ကဌ ဦးအောင်မြင့်သိန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးသည်။ ထို့နောက် ကြွရောက်တေ်မူကြသည့် မြတ်စွာဘုရားအမှူးပြုသော ပင့်သံဃာတော် အရှင်သူမြတ် အပါး(၁၀ဝ၀) တို့အား ဆွမ်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လောင်းလှူကြသည်။ ယင်းနောက် ကြွရောက်လာသူများအား မုန့်ဟင်းခါးများဖြင့် စတုဒိသာကျွေးမွေးပြီး မြို့မတေးဂီတအဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါ သံဃာတော်အပါး(၁၀ဝ၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးဈေးချိုတော်နှင့် တိုက်တန်းကြီးဈေး အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဈေးရုံအသီးသီးမှ ရုံကိုယ်စားလှယ်များ၊ ဈေးသူဈေးသားများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


