ရိခေါ်ဒါရ် ၃၀ ဇူလိုင်
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံ၌ အသုံးပြုရန်အတွက် ဟွာလ်ငိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (Hualngo Land Develpoment Organization-HLDO) မှ Ultra Sound စက်တစ်လုံး ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အဖွင့်အမှာစကား ပြောကြားပြီး HLDO မှ Organic စိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံ ဦးဆွီးလျန်ထန်းက Ultra Sound စက်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်ချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် HLDO မှ တာဝန်ရှိပုဂ္ဂိုလ်များက ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ အထောက်အကူပြု ကော်မတီဝင်များထံသို့Ultra Sound စက်ပေးအပ် လှူဒါန်းသည်။
ထို့နောက် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန် ဒေါက်တာစန်းမာက အဆိုပါ စက်ပစ္စည်း လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားပြီး ရပ်မိရပ်ဖကိုယ်စား ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာက ပြည်သူလူထုကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း ရိခေါ်ဒါရ် ပြန်/ဆက်မှ သိရသည်။
MDN


