ဘရာဇီးနိုင်ငံမြောက်ပိုင်း ပါရာပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် တနင်္လာနေ့က ထောင်တွင်းတိုက်ခိုက်မှုတစ်ခုဖြစ်ပွားရာ အကျဉ်းသား ၅၇ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

အဆိုပါ အဖြစ်အပျက်သည် အော်တာမီရာ ဒေသရှိ ပြန်လည်ထူထောင်ရေးစင်တာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အကျဉ်းထောင် အကြီးအကဲဖြစ်သူက ပြောကြားခဲ့သည်။

အကျဉ်းသားများက အကျဉ်းထောင်အတွင်း အဆောက်အအုံများကို မီးရှို့ခဲ့ရာ အကျဉ်းသားအများအပြားမှာ  အသက်ရှုကျပ်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

အကျဉ်းသား ၅၇ဦးသေဆုံးခဲ့ပြီး ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကျဉ်းထောင်အကြီးအကဲက ပြောကြားခဲ့သည်။

ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်းခံခဲ့ရသည့် အကျဉ်းထောင်အရာရှိနှစ်ဦးကို နောက်ပိုင်းတွင် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်