မိတ္ထီလာ   ၃၀   ဇူလိုင် 


မိတ္ထီလာမြို့ အချက်အချာ နေရာများတွင် ငွေကျပ် သိန်းပေါင်း ၂၀ဝ၀ ကျော်ဖြင့် လမ်းမီးတိုင် (၁၂၆)တိုင် စိုက်ထူခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။


မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ၂၀၁၈-၂၀၁၉ ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၁၉-၂၀၂၀ မူလရန်ပုံငွေတို့ဖြင့် မိတ္ထီလာမြို့ အချက်အချာကျသော နေရာများတွင် လမ်းမီးတိုင်စိုက်ထူခြင်း လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ကြီးကြပ်ပြီး Farmer PhoeYarZar ကုမ္ပဏီမှ တာဝန်ယူ၍ ဧပြီလမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ လမ်းမီးတိုင်များ စိုက်ထူခြင်းကို မိတ္ထီလာမြို့၏ အချက်အချာနေရာများဖြစ်သော ရန်ကုန်-မန္တ​လေးတးလမ်းမကြီးအတိုင်း သာစည်လမ်းဆုံထိပ်မှ ရန်မျိုးအောင်လမ်းဆုံ (ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန)အထိ လမ်းမီးတိုင်များ စိုက်ထူသွားမည်ဖြစ်သည်။


၎င်းနောက် မိတ္ထီလာ-မြင်းခြံလမ်းမှာဆိုရင် ဝန်ဇင်းကန်ဘောင်(မိတ္ထီလာမြောက်ကန်ဘောင်)နှင့် မိတ္ထီလာ တောင်ကန်အနီး စည်ပင်ရိပ်သာအဝင်လမ်းများကို လုပ်ငန်း(၃)ရပ်ဖြင့် လမ်းမီးတိုင် (၁၂၆)တိုင် စိုက်ထူးလျှက်ရှိရာ ယခုဆိုလျှင် လမ်းမီးတိုင် ၃၇ တိုင် စိုက်ထူပြီးဖြစ်၍ ကျန်ရှိသည့် လမ်းမီးတိုင်များကိုလည်း သြဂုတ်လအကုန်တွင် အပြီးစိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။


“မြို့တစ်မြို့ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် လမ်း၊ တံတားအပြင် အခြားမြို့လူထု၏ စိတ်ကျေနပ် ပျော်ရွှင်မှုဖြစ်သည့် အလင်းရောင်ပေးသည့် အလုပ်ကိုလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်၊ အလင်းရောင်ပေးသည့် လုပ်ငန်း ဆောင်ရွက်ပြီးသွားလျှင် မှုခင်းကျဆင်းရေးမှာလည်း တစ်စိတ်တစ်ပိုင်း အထောက်အကူ ဖြစ်တယ်၊ ယခုဆိုင်လျှင် ဝန်ဇင်းကန်ပေါင်ပေါ် မီးထွန်းပြီးနောက်ပိုင်း လုယက်မှုတွေ မရှိသလောက် ဖြစ်သွားပါတယ်၊ ကျွန်တော်တို့ မြို့တစ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်သည့်အချိန် မြို့လူထု၏ စိတ်ခံစားချက်အရ လုပ်ပေးသင့် လုပ်ပေးထိုက်သည့် အရာတွေကို သက်ဆိုင်ရာ ဌာနများက တာဝန်ယူဆောင်ရွက်ပေးရမယ်၊ ဆောင်ရွက်ပေးသင့်ပါတယ်” မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ  ဦးခင်မောင်တင်က ပြောကြားခဲ့သည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)