နေပြည်တော် ၃၀  ဇူလိုင် 
    

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ဧပြီ ၂၉ ရက်မှ အောက်တိုဘာ ၇ ရက်အထိ Life Green, Life Better ဆောင်ပုဒ်ဖြင့် “နိုင်ငံတကာဥယျာဉ်ပန်းမန်စိုက်ပျိုးသည့် အတတ်ပညာပြပွဲ (International Horticultural Exhibition)” ကို (၆) လကြာ ကျင်းပပြုလုပ်လျှက်ရှိရာ မြန်မာနိုင်ငံအနေနှင့်လည်း ပါဝင် ပြသလျှက်ရှိသည်။
    

အဆိုပါပြပွဲတွင် မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MYANTRADE) ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက Commissioner General အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းတွင် Htay Thit Sar International Co.,Ltd မှလည်းကောင်း တရုတ်ပြပွဲ ကျင်းပရေးကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။ 
    

အဆိုပါ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံအနေနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ခိုင်မာစေရေး၊ ကုန်သွယ်မှုတိုးမြှင့်စေရေး၊ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်နိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် အခြား အာဆီယံနိုင်ငံများနည်းတူ ပါဝင်ပြသခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း (၁၁၀)မှလည်း ပါဝင်ပြသလျှက်ရှိသည်။ ပါဝင်ပြသသည့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံတစ်နိုင်ငံခြင်းအလိုက် အလှည့်ကျ Natioanl Day အခမ်းအနားကို စည်ကားစွာ ကျင်းပပြုလုပ် လျှက်ရှိပြီး မြန်မာနိုင်ငံအနေနှင့်လည်း မြန်မာနေ့(Myanmar National Day) အခမ်းအနားကို ဩဂုတ် ၄ ရက်တွင် International Pavilion ရှိ မြန်မာပြခန်း ခန်းမ G-46 တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။


အဆိုပါ မြန်မာနေ့ အခမ်းအနားနှင့် တစ်ဆက်တည်း မြန်မာ့ပို့ကုန်မြှင့်တင်ရေး ဆွေးနွေးပွဲ (Myanmar Export Promotion Seminar)ကိုလည်း ကျင်းပပြုလုပ် သွားမည်ဖြစ်ရာ မြန်မာနေ့အခမ်းအနား စနစ်တကျနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့သည်။ 
    

မြန်မာနေ့အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ယဉ်ကျေး မှုဓလေ့ထုံးစံများ၊ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးအခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အလားအလာများနှင့် နိုင်ငံတကာမှ စိုက်ပျိုးပြသထားသည့် သစ်သီးဝလံ ပန်းမန်နှင့် ရိုးရာအမွေအနှစ် အထိမ်းအမှတ်များအား လေ့လာကြည့်ရှုနိုင်စေရန်အတွက် ရည်ရွယ်ကျင်းပရခြင်း ဖြစ်သည်။ 
    

အထက်ပါ မြန်မာနေ့အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ခေါင်းဆောင်သော အဆင့်မြင့် မြန်မာကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ်၊ မြန်မာနိုင်ငံသစ်သီး ဝလံပန်းမန်းနှင့်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊  မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းတို့မှ ဥက္ကဌများ ဦးဆောင်သော ပုဂ္ဂလိကလုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့များ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါဦးဆောင်သော အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအက အဖွဲ့စသည်ဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် (၂၅) ဦးခန့် တက်ရောက်ကြမည် ဖြစ်သည်။ 


မြန်မာနိုင်ငံအနေနှင့် ပြည်ပနိုင်ငံများတွင် (၆)လကြာ ကျင်းပသည့် ကမ္ဘာ့ကုန်စည် ပြပွဲများဖြစ်သည့် ၂၀၁၅ ခုနှစ်၊ အီတလီနိုင်ငံ၊ မီလန်မြို့တွင် ကျင်းပသည့် ကမ္ဘာ့ကုန်စည် ပြပွဲ၊ ၂၀၁၆ ခုနှစ်၊ တူရကီနိုင်ငံ၊ အန်တာလျာမြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သစ်သီးဝလံ ပန်းမန်ပြပွဲတို့တွင်လည်း မြန်မာနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပ နိုင်ခဲ့သည့် နည်းတူ ယခုကျင်းပမည့် နိုင်ငံတကာဥယျာဉ်ပန်းမန်းစိုက်ပျိုးသည့် အတတ် ပညာပြပွဲတွင် မြန်မာနေ့ အခမ်းအနားကိုလည်း စနစ်တကျနှင့်အောင်မြင်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်