နေပြည်တော် ၃၀  ဇူလိုင် 


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့နှင့် ILO တို့ ပူးပေါင်း၍ South- South and Triangular Cooperation အစီအစဉ်အရ Knowledge Sharing Workshop between Myanmar and Thailand on Social Protection အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။ 


အခမ်းအနားသို့ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူများ၊  ထိုင်းနိုင်ငံ လူမှုဖူလုံရေးရုံးနှင့် အမျိုးသား ကျန်းမာရေး စောင့်ရှောက်ရေးရုံးတို့မှ ကိုယ်စားလှယ်များ၊ အလုပ်ရှင် အဖွဲ့အစည်းနှင့် အလုပ်သမား အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ၊ ILO မှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို  ဩဂုတ် ၁ ရက်အထိ (၄)ရက်ကြာ ကျင်းပမည်ဖြစ်သည်။


အခမ်းအနားတွင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး က ILO- South - South and Triangular Cooperation အစီအစဉ်အရ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ လူမှုဖူလုံရေး အဖွဲ့များအကြား အပြည်ပြည်ဆိုင်ရာတွင် ကျင့်သုံးနေသည့် လူမှုကာကွယ် စောင့်ရှောက်မှုနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ အတွေ့အကြုံများ၊ ယေဘူယျစိန်ခေါ်မှုများကို မျှဝေခြင်းအားဖြင့် အနာဂါတ်တွင် မိမိတို့နိုင်ငံနှင့် သင့်တော်မည့် လုပ်ငန်းစဉ်များကို ချမှတ် အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ILO မှ Senior Social Security Specialist , Dr. Markus Ruck  က လူမှုကာကွယ် စောင့်ရှောက်ရေးသည် လူ့အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံများအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေးကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သက်၍ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများ ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အခြေအနေခြင်း မတူကြသော်လည်း ယခု အလုပ်ရုံဆွေးနွေးပွဲတွင် အတွေ့အကြုံများကို မျှဝေသွားမည်ဖြစ်ကြောင်း ပြောကြားပြီး South -  South and Triangular Cooperation (SSTC) အစီအစဉ်နှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)