၃၀ ဇူလိုင်

ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ် မြို့တော်အနီး စစ်ရေးလေ့ကျင့်နေစဉ်အတွင်း စစ်လေယာဉ် တစ်စီး ပျက်ကျခဲ့သဖြင့် ၁၇ ဦး သေဆုံးခဲ့သည်။

ရာဝါပင်ဒီ မြို့တွင်  ယနေ့မနက်စောပိုင်းက ၎င်း စစ်လေယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ထိုလေယာဉ်ပျက်ကျမှုကြောင့် အရပ်သား ၁၂ ဦး အပါအဝင် လေယာဉ်ပေါ်ပါ အမှုထမ်း ငါးဦး စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဒေသခံတစ်ဦး ဖြစ်သူ မိုဟာမက် မူဆစ်ဖ် က ၎င်း၏ကလေးတစ်ဦး နှင့် ညီမ နှစ်ယောက် သေဆုံးခဲ့ကြောင်း၊ အိမ်နီးချင်း ဖြစ်သည့် မိသားစုမှာ ခြောက်ဦး သေဆုံးခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူ မည်မျှ ရှိသည်ကို မသိရှိကြောင်း ပြောဆိုသည်။

ဒဏ်ရာရသူအချို့မှာ စိုးရိမ်ရသဖြင့် သေဆုံးသူဦးရေ များပြားလာနိုင်သည်ဟု ကယ်ဆယ်ရေး တာဝန်ရှိသူများက ဆိုသည်။ ၎င်းစစ်လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို ယခုချိန်ထိ အသေးစိတ်မသိရှိရသေးကြောင်း ဖော်ပြထားသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို