နေပြည်တော် ၃၀ ဇူလိုင်
(၆)ကြိမ်မြောက် ငွေကျပ် ၁၀ဝ၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမဆောင်၌ သြဂုတ် ၁ ရက် နံနက် ၈ နာရီမှ စတင်၍ တစ်ရက်တည်းဖြင့် အပြီးဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
(၆)ကြိမ်မြောက် ငွေကျပ် ၁၀ဝ၀ တန်ထီဖွင့်ပွဲတွင် (“က”အက္ခရာမှ “အ”အက္ခရာ အထိ၊ “ကက”အက္ခရာမှ “ကဂ”အက္ခရာအထိ) စုစုပေါင်း အက္ခရာလုံးရေ ၃၆ လုံး၊ ထီစာအုပ်ပေါင်း ၂၉၄၅၄၄၈ အုပ်ကို ထီထိုးသူများကံစမ်းနိုင်ရန်အတွက် ထုတ်ဝေရောင်းချခဲ့ရာ ကုန်စင်အောင်ရောင်းချခဲ့ပြီး ထီလက်မှတ်စာအုပ် ရောင်းရငွေမှာ ငွေကျပ်သန်း ပေါင်း ၂၉၄၅၄ ဒသမ ၄၈၀ ဖြစ်ရာ ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးမည့် ငွေပေါင်းမှာ ငွေကျပ်သန်းပေါင်း ၁၇၆၇၂ ဒသမ ၆၈၈ ဖြစ်သည်။
အဆိုပါ ထီဖွင့်ပွဲတွင် ဆုငွေများအဖြစ် အထူးဆုကြီးစနစ်မှ ငွေကျပ်သိန်းတစ် သောင်းငါးထောင် ၁ ဆု၊ ငွေကျပ်သိန်းတစ်သောင်း ၁ ဆု၊ ငွေကျပ်သိန်းငါးထောင် ၂ ဆု၊ ငွေကျပ်သိန်းနှစ်ထောင် ၃ ဆု၊ ငွေကျပ်သိန်းတစ်ထောင် ၆ ဆုတို့ဖြစ်သည်။ ထို့ပြင် ဆုတစ်ဆုချင်းစနစ်မှ ငွေကျပ်သိန်းငါးရာ၊ ငွေကျပ်သိန်းနှစ်ရာ၊ ငွေကျပ်သိန်းတစ်ရာ၊ ငွေကျပ်သိန်းငါးဆယ်၊ ငွေကျပ်သိန်းနှစ်ဆယ်၊ ငွေကျပ်ဆယ်သိန်း၊ ငွေကျပ်ငါးသိန်းတို့ ဖြစ်ပြီး ဝေဝဆာဆာပဒေသာဆုမဲများဖြစ်သည့် ငွေကျပ်သုံးသိန်း၊ ငွေကျပ်နှစ်သိန်း၊ ငွေကျပ်တစ်သိန်းနှင့် ငွေကျပ်ငါးသောင်းဆုမဲများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဘဏ္ဍာသိမ်း ဆုငွေကျပ်သန်း ၂၅၀ မှ ဆုမဲများကို ဆုတစ်ဆုချင်းဆုမဲများအနေဖြင့် ငွေကျပ် ဆယ်သိန်း ၄ ဆု၊ ဝေဝဆာဆာဆုမဲများအနေဖြင့် ငွေကျပ်သုံးသိန်း ၂ ယူနစ် ၂၀ ဆု၊ ငွေကျပ်နှစ်သိန်း ၂ ယူနစ် ၂၀ဝ ဆုနှင့် ငွေကျပ်တစ်သိန်း ၂ ယူနစ် ၂၀ဝ၀ ဆုတို့အား (၆)ကြိမ်မြောက် ငွေကျပ် ၁၀ဝ၀ တန်ထီဖွင့်ပွဲတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထီပေါက်သည့် ကံထူးရှင်များအနက် ငွေကျပ်ဆယ်သိန်းနှင့်အထက် ကံထူးရှင်များအား သြဂုတ် ၂ ရက်မှ စတင်၍ နေ့ချင်းပြီး ဆုငွေထုတ်ပေးခြင်း ဆောင်ရွက်မည်ဖြစ်ပြီး ကျန်ကံထူးရှင်များအား သြဂုတ် ၁၂ ရက်မှစတင်၍ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ထီဆုငွေများကို ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်ကိုယ်စားလှယ်လွှဲစာဖြင့် ဖြစ်စေ၊ ရန်ကုန်နှင့်မန္တလေးမြို့တို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများတွင် ထုတ်ယူနိုင်ပြီး ငွေကျပ်ဆယ်သိန်းနှင့်အောက် ဆုငွေများကို အောင်ဘာလေသိန်းဆုဌာနခွဲရုံးများအပြင် ရန်ကုန်တိုင်းဒေသကြီးပြင်ပရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးများတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။
မောင်လူမော်


