ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခံတွင်းနဲ့ပတ်သက်ရင် သွားမှန်မှန်တိုက်ပါ ဆိုတဲ့စကားကို ငယ်ငယ်တည်းက ကြားဖူးနေကျဖြစ်မှာပါ။ သွားတိုက်ဖို့ စသင်ပေးကတည်းက မိဘတွေ ပြောလေ့ရှိတဲ့အမှာစကားပါ။ ဒါပေမယ့် သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် မလုပ်သင့်တဲ့ အမူအကျင့်မှားတွေလုပ်မိနေရင်ရော သိပါ့မလား။

မသိလိုက်ဘဲ လူအတော်များများ လုပ်မိနေတဲ့အမှားတချို့ကို အရင်ပြောပြလိုက်မယ်နော်။

-    ရေခဲတုံးဝါးစားတာ – အအေးသောက်တိုင်း ရေခဲတုံးကိုဝါးစားတတ်တဲ့သူတွေရှိတယ်၊ ရေခဲချောင်း၊ ရေခဲခြစ် အသေကြိုက်တဲ့သူတွေရှိတယ်။ ရေခဲရဲ့ ကြွတ်ဆတ်၊အေးစက်မှုက သွားကိုကျိုးပဲ့လွယ်စေပါတယ်။ သွားကြွလွှောမျက်နှာပြင်မှာ တော်ရုံမမြင်ရအောင်သေးငယ်လွန်းတဲ့ အက်ရာလေးတွေဖြစ်စေတာပေါ့။ အဲဒီကနေ ကြာလာတာနဲ့အမျှ သွားပြဿနာဖြစ်လာစေတာပါ။

-    သွားကို ကိရိယာတစ်ခုလိုသုံးပစ်တာ- ဟယ် ကြည့်စမ်း သူကသွားသိပ်ကောင်းတာပဲ၊ ပုလင်းအဖုံးတောင် ကိုက်ဖွင့်တာ။ ဒီလိုချီးကျူးစကားတွေရဖို့ သွားရဲ့သက်တမ်းနဲ့ လဲလိုက်ရသလိုပါပဲ။ လူ့ခန္ဓာကိုယ်မှာ အစားအစာဝါးစားဖို့ သဘာဝကဖန်တီးပေးထားတဲ့ သွားဟာ ကတ်ကြေးမဟုတ်သလို၊ ဓားလည်းမဟုတ်၊ ပလာယာလည်းမဟုတ်ပါဘူး။ဟိုကိုက်ဖွင့်၊ ဒီကိုက်ဖွင့်နဲ့ သုံးလွန်းတဲ့အခါ သွားကိုအထိနာစေတယ်၊ ပဲ့လာမယ်၊ နဲ့လာစေမယ်။ ရှိသင့်တဲ့ သက်တမ်းထက်စောပြီး ပျက်စီးမယ်။

-    သွားကြိတ်တာ- နေ့ပဲဖြစ်ဖြစ်၊ ညပဲဖြစ်ဖြစ် အကြိတ်ခံရတဲ့သွားအတွက် မကောင်းပါဘူး။ စိတ်ဖိစီးမှု၊ ပူပန်မှုတွေအပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် ညအိပ်ချိန်မှာ သွားကြိတ်တတ်ကြပေမယ့် သွားတစ်ချောင်းမရှိတာ ဒါမှမဟုတ် သွားမညီတာတွေကြောင့် ပိုဖြစ်နိုင်ပါတယ်။ ဒါကတော့ အမှားမဟုတ်ပေမယ့် သွားကြိတ်တာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းမရှာ၊ အကြောင်းရင်းမရှာဘဲနေရင်တော့ သွားပျက်စီးလာတာကို ထိုင်စောင့်နေမိတဲ့ သင့်အမှားပဲဖြစ်မှာပါ။

-    အရည်အသွေးမကောင်းတဲ့ သွားပွတ်တံသုံးတာ – အမွေးများတဲ့ သွားပွတ်တံနဲ့တိုက်ရင် ပိုပြောင်စင်မယ်လို့ တချို့ကထင်ကြပါတယ်။ မဟုတ်ပါဘူး။ သွားပွတ်တံအရည်အသွေးမကောင်းရင်၊ သွားပွတ်တံအမွေးမပျော့ပျောင်းဘဲ မာနေရင် သွားဖုံးတွေကိုထိခိုက်စေပြီး သွားကြွလွှောကိုပါ ပျက်စီးလွယ်စေပါတယ်။

-    သိပြီးသားဖြစ်နေမယ့် နောက်တစ်ချက်ရှိသေးတယ်။ သွားမှန်မှန်မတိုက်တာ၊ သွားပွတ်ကြိုးပုံမှန်မသုံးတာပဲ ဖြစ်ပါတယ်။

အမူအကျင့်မှားတွေ လုပ်မိနေတုန်းပဲဆိုရင် သွားပြဿနာ၊ သွားဖုံးပြဿနာ အစုံပလုံ ဖြစ်လာတော့မှာပါ။ သွားဆရာဝန်ပြရတဲ့ အချိန်တွေရောက်လာနိုင်တာ ဒီရောဂါတွေကြောင့် အဖြစ်များပါတယ်။

အဖြစ်များတဲ့ ခံတွင်းရောဂါ (၅) မျိုး

(၁) သွားပိုးစားခြင်း

သွားပိုးပေါက်ဖြစ်တာက ကာကွယ်လို့ရတဲ့ရောဂါပါ။ သွားနဲ့သွားဖုံးတွေက ကစီဓာတ်နဲ့သကြားဓာတ် ထိတွေ့ရတာများလာတဲ့အခါ ကြွလွှောပျက်စီးစေမယ့် အက်စစ်တွေဖြစ်လာစေပါတယ်။ သကြားလုံး၊  အချိုရည်၊ ကွတ်ကီးစတဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေက သွားမှာ အကြွင်းအကျန်ကပ်ငြိစေနိုင်ပါတယ်။ အဲဒီကနေ ဘက်တီးရီးယားနဲ့ သွားချေးတွေဖြစ်လာပြီး စတင်ပျက်စီးပါတော့တယ်။

(၂) သွားကျဉ်ခြင်း

သွားတွေဟာ အပူချိန်ပြောင်းလဲမှုကိုလိုက်ပြီး ကျုံ့ပြန့်မှုရှိပါတယ်။ သွားကျဉ်တတ်သူတွေ ပူတာနဲ့ အေးတာတွေ စားမိတဲ့အချိန် ပိုခံစားရပါတယ်။ ကြာလာတာနဲ့အမျှ သွားကြွလွှောတွေပျက်စီးလာပြီး သွားဖုံးတွေကျဉ်းလာမယ်၊ သွားမှာ အက်ကြောင်းသေးသေးလေးတွေဖြစ်လာမယ်၊ သွားအတွင်းပိုင်းပေါ်လာပြီး အာရုံကြောထိခိုက်မယ်။ လေအေးလေးရှူမိရင်ကို သွားကျဉ်တာမျိုးအထိ ဆိုးလာမယ်။

(၃) သွားဖုံးရောဂါ

သွားဖုံးရောဂါက ရောင်ရမ်းတာ၊ သွားကျိုးပဲ့တာ၊ကျွတ်တာ၊ အရိုးထိခိုက်တာတွေဖြစ်စေနိုင်တယ်။ စစချင်းမှာတော့ သွားချေးတွေမှာ ဘက်တီးရီးယားအလွှာဖြစ်လာမယ်၊ ကနဦးအဆင့်မှာ သွားဖုံးရောင်ခြင်း (gingivitis) ဖြစ်လာပြီး သွားဖုံးသွေးထွက်လွယ်မယ်၊ ရဲနေမယ်၊ ရောင်နေမယ်။ ပိုဆိုးလာရင် ရေစီးကမ်းပြို (periodontitis) ဖြစ်လာပြီး သွားတွေကျွတ်တာ ဒါမှမဟုတ် သွားဆရာဝန်ဆီမှာ နုတ်ပစ်ရတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒီရောဂါက သွားမှန်မှန်တိုက်ခြင်း၊ သွားပွတ်ကြိုးသုံးခြင်းတို့နဲ့ ကာကွယ်လို့ရနိုင်ပါတယ်။ သူ့ရဲ့သိသာတဲ့လက္ခဏာတစ်ခုက ခံတွင်းနံ့ဆိုးခြင်းဖြစ်ပါတယ်။

(၄) ခံတွင်းနံ့ဆိုးခြင်း

နေ့စဉ်ပုံမှန်သွားတိုက်ခြင်းနဲ့ သွားပွတ်ကြိုးသုံးခြင်းတို့က ခံတွင်းထဲက အစားအစာအကြွင်းအကျန်တွေ၊ သွားချေးတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားရှင်းလင်းပစ်နိုင်ပါတယ်။ ကြက်သွန်ဖြူလို အနံ့ပြင်းတဲ့အစားအသောက်တွေကြောင့် ယာယီဖြစ်တဲ့ခံတွင်းနံ့ဆိုးခြင်းမျိုး မဟုတ်ဘဲ အမြဲလိုလိုဖြစ်နေတာဆိုရင် သွားဖုံးရောဂါ သို့မဟုတ် တခြားသွားနဲ့ခံတွင်းပြဿနာတစ်ခုခုရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။

(၅) ပါးစပ်အနာ

ခံတွင်းထဲမှာ ပါးစောင်မှာ၊ နှုတ်ခမ်းအတွင်းသားမှာ ဖြစ်တတ်တဲ့ အနာလေးတွေ က ပုံမှန်အားဖြင့် တစ်ပတ်၊နှစ်ပတ်လောက်ကြာတတ်ပြီး ဘက်တီးရီးယားသေစေတဲ့ ခံတွင်းသန့်ဆေးရည်တွေသုံးဖို့ လိုအပ်နိုင်ပါတယ်။ အလွယ်ပြောကြသလို အပူဖုဆိုတာထက် ဒီအနာလေး၊ဖုလေးတွေ ဖြစ်လာစေနိုင်တဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”