နေပြည်တော် ၃၀ ဇူလိုင်
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များရိုက်နှိပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက တစ်နိုင်ငံလုံးရှိ ကျောင်းသူ ကျောင်းသားအားလုံးအတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်သည့် လုပ်ငန်းသည် သာမန်စီးပွားရေးလုပ်ငန်း တစ်ခုမဟုတ်ဘဲ နိုင်ငံတော်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းတာဝန်တစ်ခု ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်က ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများအပေါ် အခြေခံ၍အားနည်းချက် အနည်းဆုံး ဖြစ်စေရန်နှင့် လုပ်ငန်းများ ချောမောအောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အားလုံးဝိုင်းဝန်းဆွေးနွေး ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိခဲ့မှုအပေါ် အကျဉ်းချုပ် သုံးသပ်ချက်နှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း (MPPA)၊ မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း (MRAPA)တို့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရမည့် အရွယ်အစား၊ တင်ဒါခေါ်ယူမည့်ကာလ၊ တင်ဒါခေါ်ယူရေးလုပ်ငန်းစဉ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းကြရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်


