ဖားကန့် ၃၀ ဇူလိုင်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကရင်ချောင်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ရေမျှောချောင်းတိုက်စားမှုကြောင့် လူနေအိမ်အလုံး ၂၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ရေမျှောချောင်း တိုက်စားမှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၂၀)မှ ရေဘေးသင့်ပြည်သူ အမျိုးသား(၃၁)ဦး၊ အမျိုးသမီး(၁၄)ဦး စုစုပေါင်း(၄၅)ဦးတို့အား ကရင်ချောင်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ယာယီပြောင်းရွှေ့နေရာချထားပြီး တာဝန်ရှိသူများက သုံးရက်စာ ဆန်၊ ရေ၊ ခေါက်ဆွဲခြောက်၊ ကြက်ဉနှင့် ဆေးဝါးများ ကူညီထောက်ပံ့ပေးထားကြောင်း သိရသည်။
အဆိုပါ သံလွင်ဧရာ ရေမျှောချောင်းတိုက်စားမှုကြောင့် မမုံကျေးရွာနှင့် စွတ်အောင်ကျေးရွာသွား မြေသားလမ်း၊ အထက်မက်လင်ချောင်ကျေးရွာနှင့် ရှမ်းစုကျေးရွာသွား မြေသားလမ်းများ ပျက်စီးခဲ့ရပြီး ဉရုချောင်းအတွင်း စီးဝင်သည့် ရှရော်ခချောင်းလက်တက် ရေတိုက်စားမှုကြောင့် ဖားပြင်ကျေးရွာနှင့် ဆန်းကြွယ်ကျေးရွာသွား ကွန်ကရစ်တံတား မြေထိန်းဘောင်များ ပျက်စီးခဲ့ကြောင်း သိရသည်။ဖားကန့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဖားကန့်မြို့တွင် မိုးရေချိန် ၄ ဒသမ ၂၅ လက်မ ရွာသွန်းခဲ့ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


