မန္တလေး ၃၀ ဇူလိုင်
မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်တွင် ကျောင်းသားဟောင်းများ အသင်းရုံးခန်းဖွင့်ပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၈ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးထွန်းမြင့်၊ နာယကဆရာကြီး ဦးအောင်ကျော်မင်းနှင့် ကျောင်းသားဟောင်းများ အသင်းဥက္ကဋ္ဌ ဦးကျော်သက်နိုင်တို့က တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများ အသင်းရုံးခန်း ဖွင့်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် နာယကဆရာကြီး ဦးသန်းထွန်း၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာသိန်းဇော်လင်းတို့က အမှာစကား ပြောကြားပြီး ကျောင်းသားဟောင်းများ အသင်းဥက္ကဋ္ဌ ဦးကျော်သက်နိုင်က အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့် အသင်း၏ ရည်မှန်းချက်များကိုလည်းကောင်း၊ အသင်းတွဲဖက် အတွင်းရေးမှူး ဦးဟိန်းစိုးကျော်က အသင်း၏ လုပ်ဆောင်ခဲ့သော လုပ်ငန်းစဉ်များနှင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မသင်းစန္ဒာလှိုင်၊ မငြိမ်းအိစံ၊ မောင်ဇွဲဟိန်းလတ်၊ မောင်ဉာဏ်ပိုင်စိုးအောင်၊ မောင်ဟိန်းထက်ဇော် (ဒုတိယနှစ်)၊ မောင်သန့်စင်ထွန်းတို့က ကျောင်းသားများဘဝ၊ သင်ကြားရေးဆရာများဘဝ၊ ဝန်ထမ်းများဘဝ ဖြတ်သန်းမှုများအကြောင်း စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


