နေပြည်တော် ၃၀ ဇူလိုင်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ထိုင်းနိုင်ငံဗဟိုဘဏ်တို့အကြား ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၉) နာရီတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်(နေပြည်တော်)၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Veerathai Santiprabhob နှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးအတွက် ပံ့ပိုးပေးမည့် ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စ၊ ယင်းကိစ္စရပ်များတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ငွေပေးချေရေးတွင် မြန်မာကျပ်နှင့် ထိုင်းဘတ်ငွေများတိုးမြှင့်သုံးစွဲရန် မူဘောင်တစ်ခု ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာနှင့် ငွေရေးကြေးရေး ကဏ္ဍနှင့်ပတ်သက်သော တီထွင်ကြံဆမှုများ၊ ငွေပေးချေမှုစနစ်များတွင် နှစ်နိုင်ငံဗဟိုဘဏ် အကြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များနှင့် ယင်းကိစ္စရပ်များကို ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ရရှိနိုင်မည့် အကျိုးအမြတ်များနှင့် တွေ့ကြုံရမည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
သတင်းစဉ်


