နေပြည်တော် ၃၀ ဇူလိုင် 

မသန်စွမ်းသူများအတွက် တရားမျှတမှုရရှိပိုင်ခွင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် Royal President Hotel ၌ ကျင်းပသည်။

အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများနှင့် ပတ်သက်၍ အစိုးရ၊ ပြည်သူ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ချက်များသည် တိုးတက်ပြောင်းလဲမှုများရှိပါကြောင်း၊ မသန်စွမ်းသူများနှင့် ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီနှင့် မသန်စွမ်းများအတွက် ကဏ္ဍအသီးသီးတွင် ဆောင်ရွက်မည့် ဆပ်ကော်မတီ(၈)ခုကို ဖွဲ့စည်းခဲ့ပါကြောင်း၊ မသန်စွမ်းသူများအတွက် အခွင့်အရေးဖော်ဆောင်ရာတွင် မသန်စွမ်းတစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် မသန်စွမ်းမှုအမျိုးအစားအလိုက် စေတနာထားဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း။

မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းနှင့် မသန်စွမ်းမှု အဆင့်ခွဲခြားခြင်းသည် မသန်စွမ်းတစ်ဦးချင်းစီ၏ မသန်စွမ်းမှုအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းသူများအတွက် ခိုင်မာသည့်ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုလသမဂ္ဂမိတ်ဖက် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူလူထု၊ မသန်စွမ်းသူများအရေးကို တက်ကြွစွာဆောင်ရွက်နေသော မသန်စွမ်းအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ တရားမျှတမှုရရှိပိုင်ခွင့်ဆိုသည်မှာ ဥပဒေနှင့် ပတ်သက်သည့် ကိစ္စရပ်များ ပါရှိသည့်အတွက် ခက်ခဲနက်နဲပါကြောင်း၊ UNCRPD တွင် လူပုဂ္ဂိုလ်လွတ်လပ်မှုနှင့်လုံခြုံမှု၊ မသန်စွမ်းသူများ၏ တရားမျှတမှုရရှိပိုင်ခွင့်ကို တရားခွင်တွင် တရားလို၊ တရားခံ၊ သက်သေအဖြစ်ရင် ဆိုင်ဆောင်ရွက်နိုင်ရန် အထောက်အပံ့အကူ အညီများ၊ စာနာမှုများ၊ ဖြည့်ဆည်းပေးနိုင်ရန် ကဏ္ဍအသီးသီးတွင်လိုအပ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ရပိုင်ခွင့်ကိုမြှင့်တင်ရန် မသန်စွမ်းများနှင့် လူသားအားလုံး ပါဝင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မသန်စွမ်းကလေးသူငယ်များနှင့် ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများရှိသည့်အတွက် ခေါင်းပုံဖြတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်းများမှ အကာအကွယ်ပေးသည့်အချက်ကို ဥပဒေတွင် ကဏ္ဍတစ်ခုအနေဖြင့် ထည့်သွင်းထားပါကြောင်း၊ မသန်စွမ်းများအတွက် အတားအဆီးကင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်ရေး ဆောင်ရွက်ရာတွင် တက်ရောက်လာကြသူများ အားလုံးက တရားမျှတမှုရရှိပိုင်ခွင့်နှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး Voluntary Services Overseas မှတာဝန်ရှိသူ တစ်ဦးက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် Voluntary Services Overseas တို့မှတာဝန်ရှိသူများက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် မသန်စွမ်းသူများအတွက် တရားမျှတမှု ရရှိပိုင်ခွင့်ဆိုင်ရာ သဘောတရားတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား (၂)ရက်တာ ကျင်းပခြင်းဖြစ်ပြီး တရားမျှတမှုဆိုင်ရာ သဘောတရား၊ အရေးကြီးပုံနှင့် ဥပဒေရေးရာမူဘောင်၊ မသန်စွမ်းသူများ တရားမျှတမှုရရှိပိုင်ခွင့်အတွက် ကြုံတွေ့နေရသော အတားအဆီးများ၊ အခက်အခဲများကိုဖယ်ရှားရန် နည်းလမ်းများ၊ အလေ့အကျင့်ကောင်းများ၊ အားနည်းချက်၊ အားသာချက်တို့ကိုဆွေးနွေးခြင်းအပြင် မသန်စွမ်းအမျိုးသမီးများအတွက် တရားမျှတမှုရရှိပိုင်ခွင့်၊ မသန်စွမ်းအမျိုးသမီးများအပေါ် ရုပ်ပိုင်းနှင့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နည်းလမ်းများ၊ မသန်စွမ်းသူများ တရားမျှတမှုရရှိပိုင်ခွင့်အတွက် ရှေ့လုပ်ငန်းစဉ်တို့ကို ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်