ဆီးကျောက်တည်တဲ့ဆိုတဲ့ ပြဿနာအကြောင်း မကြာခဏ ကြားဖူးကြမှာပါ။ ဆီးသွားရင်နာတာ၊ ဆီးသွားရင် ညှစ်သွားရတာ စတာတွေက ဆီးကျောက်တည်တာရဲ့ လက္ခဏာတွေပေါ့။ ဆီးလမ်းကြောင်းမှာ ကြိုက်တဲ့ ဘယ်နေရာမှာ မဆို ဆီးကျောက်တည်နိုင်ပါတယ်။ ကျောက်ကပ်မှာလည်းတည်နိုင်တယ်၊ ဆီးအိတ်မှာလည်း ကျောက်တည်နိုင်ပါတယ်။


ဆီးကျောက်တည်တယ်ဆိုတာဘာလဲ။


ဆီးကျောက်ကိုဆေးပညာအရ (renal lithiasis, nephrolithiasis) လို့ခေါ်တတ်ပြီး ဆီးထဲမှာပါတဲ့ သတ္တုဓာတ်တွေနဲ့ ဆားဓာတ်တွေက ကျောက်အဖြစ်ပြောင်းသွားပြီး ဆီးလမ်းကြောင်းတစ်နေရာရာမှာ ပိတ်နေတာဖြစ်ပါတယ်။ ဒီလို ကျောက်တည်တာကြောင့်  ဆီးသွားရခက်တာ နာကျင့်တာမျိုး ဖြစ်မယ့်အပြင် ကျောက်တည်တဲ့နေရာဝန်းကျင်မှာ ဆီးတွေအိုင်နေပြီး ဆီးလမ်းကြောင်းပိုးဝင်တာ၊ ပိုးဝင်တာကို  မထိန်းနိုင်တဲ့အခါ နောက်ပိုင်း ပိုးဆိပ် ပြန့်တာတွေအထိ ဆိုးဆိုးဝါးဝါးဖြစ်သွားနိုင်ပါတယ်။


ဒီတော့ နောက်ကျမှ သိတာမျိုး မဖြစ်ရလေအောင် ဆီးကျောက်တည်တဲ့အခါ ဘယ်လို လက္ခဏာတွေရှိလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။


ဘယ်လိုအချက်တွေရှိနေရင်  ဆီးကျောက်တည်နေပြီဆိုတာ သိနိုင်မလဲ။


( ၁ ) နောက်ဘက်ခါးအောက်ပိုင်း နာနေတတ်ပါတယ်။


•    မီးဖွားရင် ခံစားရတဲ့ အနာမျိုးနဲ့ ယှဉ်ပြီးပြောရလောက်အောင် ဆီးကျောက်တည်တဲ့ နာကျင်မှုက တော်တော်ပြင်းထန်ပါတယ်။


•    ရုတ်တရက်ကြီးမှ ထနာတာလည်းဖြစ်နိုင်သလို နောက်ဘက်ခါးအောက်ပိုင်းနားလေးမှာ နာလိုက်ပျောက်လိုက်ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။


( ၂ ) ဆီးသွားရင် နာကျင်မယ်။ ဆီးခဏခဏသွားချင်နေမယ်။


•    ဆီးအိမ်နဲ့ ဆီးသွားပြွန်ကြားထဲမှာ ကျောက်တည်နေပြီဆိုရင်တော့ ဆီးသွားရင် ကျင်တာ၊ ဆီးခဏခဏ သွားချင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။


•    ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာနဲ့ ဆင်တူနေတာကြောင့် သူတို့ နှစ်ခုကို မှားတတ်ပါတယ်။


•    မတူတာကတော့ ဆီးကျောက်တည်တဲ့ လူတွေက ဆီးလမ်းကြောင်းပိုးဝင်တာထက်စာရင် ဆီးခဏခဏ သွားချင်နေတာပါပဲ။


( ၃  )ဆီးထဲ သွေးပါ။


•    ဆီးသွားရင်းနဲ့ သွေးစလေးတွေ တွေ့ရတာကလည်း ဆီးကျောက်တည်တဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။


•    တစ်ချို့ ပြဿနာတွေမှာဆို သွေးကို အထင်းသားမြင်နေရတာမျိုး မဟုတ်ဘဲ မျက်လုံးနဲ့ မမြင်နိုင်လောက်တဲ့ သွေးဆဲလ်လေးတွေ ဆီးထဲ ပါလာတတ်တာကြောင့် ဓာတ်ခွဲခန်းမှာဆီးစစ်ဖို့လည်း အရေးကြီးပါတယ်။


( ၄  ) ဆီး အရောင် နောက်နေတတ်ပါတယ်။


•    ဆီးအရောင်က ကြည်မနေဘဲ နောက်တော်တော်ဖြစ်နေပြီဆိုရင်တော့ ဆီးလမ်းကြောင်း တစ်နေရာရာမှာ ပိုးဝင်နေတာကို ပြောပြနေတာပါ။


•    ဆီးနောက်တဲ့ အပြင် အဖြူဖတ် တွေပါ ပါလာပြီဆိုရင်တော့ ဒါ ဆီးထဲ ပြည်ပါလာတာ ဖြစ်နိုင်ပါတယ်။


( ၅  ) ဆီးကျန်သလို ခံစားနေရတတ်ပါတယ်။


•    ဆီးကျောက်ကြောင့် ဆီးအကုန်မသွားနိုင်တော့ဘဲ ဆီးကျန် နေသလို ခံစားနေရတတ့်ပါတယ်။


•    တစ်ချို့ဆို တော်တော်လေးညှစ်မှ ဆီးဖြည်းဖြည်းထွက်လာတတ်ပြီး တစ်ချို့ဆို လုံးဝကို ဆီးမထွက်နိုင်တော့တာမျိုးတွေရှိပါတယ်။ ဆီးလုံးဝ မပေါက်နိုင်တော့ဘူးဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားဖို့လိုအပ်ပါတယ်။


( ၆ ) ချမ်းတုန် ဖျားတတ်ပါတယ်။


•    ဒီလို နာလည်းနာတယ်၊ ချမ်းတုန်ပြီးလည်းဖျားတယ်၊ အပူချိန်လည်းများတယ် ဆိုရင် ဒါဆီးလမ်းကြောင်း ပိုးဝင်နေပြီဆိုတဲ့ လက္ခဏာပါ။


ဒါတွေကတော့ ဆီးကျောက်တည် နေပြီဆိုတဲ့ အကြောင်း သိနိုင်တဲ့ အချက်တွေပါ။ စောစောသိ စောစောကုတော့ မြန်မြန်ပျောက်တာပေါ့ ။ ။


ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”