မြစ်ကြီးနား ၃၁ ဇူလိုင်
သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုနှင့် စပ်လျဉ်း၍ညှိနှိုင်းဖြေရှင်းရေးအဖွဲ့နှင့် တစ်သျှူးငှက်ပျောစိုက်ပျိုးသည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းရှိ မလိခခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေမှ မြန်မာနိုင်ငံအတွင်း တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းကြောင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေနိုင်ခြင်း၊ ပိုးသတ်ဆေးကြောင့် တွေ့ကြုံရမည့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ၊ ရာသီဥတု ဂေဟစနစ်များ ပြောင်းလဲခြင်းတို့ ဖြစ်ပွားစေနိုင်ပြီး တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အဆိုပါ ဖြစ်စဉ်များ မဖြစ်ပွားစေရေး သတိပြုလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ဆက်လက်၍ မြေယာပိုင်ဆိုင်မှုပြဿနာများ မဖြစ်ပွားစေရေး လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ရေး လမ်းညွှန်အမှာစကား ပြောကြားကာ ကချင်ပြည်နယ်သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဥက္ကဌ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလဆိုင်းမှ မည်သည့် လုပ်ငန်းမဆို အလျင်စလို မလုပ်ဆောင် စေဘဲ မိမိပြည်နယ်အတွင်း လာရောက် ရင်းနှီးမြုတ်နှံသည့် စီးပွားရေး လုပ်ငန်းရှင်များအား လုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်စေလိုပါကြောင်းနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ရေးတို့အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းနှင့် တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်အတွင်းရှိ တစ်သျှူးငှက်ပျော စိုက်ကွင်းများတွင် လိုက်လံလေ့လာမှုများအရ စစ်ဆေးတွေ့ရှိချက်များ၊ တရားမဝင် စိုက်ပျိုးခြင်းများ ရှောင်ရှားကာ တရားဝင်လုပ်ပိုင်ခွင့်များ ရယူ၍ ဆောင်ရွက်ရန် နည်းလမ်းများ၊ ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းကြောင့် ဖြစ်ပွားလာသည့် ဆိုးကျိုးနှင့် ကောင်းကျိုးများ၊ သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်စိုက်ပျိုးခြင်းများ မရှိစေရေးနှင့် ကချင်ပြည်နယ်အစိုးရသို့ တရားဝင် လျှောက်ထား တင်ပြစိုက်ပျိုးနေမှုများ၊ မှတ်ပုံတင်မဲ့ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ သုံးစွဲမှုများ စသည်တို့အား တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် တစ်သျှူးငှက်ပျော စိုက်ပျိုးရေး ကုမ္ပဏီများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)


