ဗန်းမော် ၃၁ ဇူလိုင်            
    

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်ခိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ဗန်းမော်မြို့နယ်အတွင်း မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်ရက်များ၌ အလှည့်ကျ ဟောပြောမှုများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ စံလှကြီးခန်းမတွင် မှုခင်းကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
    

အခမ်းအနားတွင် ဟောပြောပွဲကျင်းပရခြင်းမှာ ကျောင်းသား/သူများ အနေဖြင့် မှုခင်းဖြစ်ပွားရသည့် အခြေခံအကြောင်းအရင်းများ၊ မှုခင်းဖြစ်ပွားရန် နည်းလမ်းများနှင့် ကြိုတင်ရှောင်ရှားနိုင်ရန် သိထားသင့်သည်များအား ဆွေးနွေးဟောပြောခြင်းဖြင့် အသိပညာ ဗဟုသုတများရရှိပြီး မှုခင်းဖြစ်ပွားမှု လျော့နည်းလာမည်ဖြစ်ပါကြောင်းဖြင့် အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး သက်ငယ်မုဒိန်းမှုဖြစ်ပွားရခြင်းနှင့် မဖြစ်ပွားစေရန် ရှောင်ရန်ဆောင်ရန်များ၊ ဥပဒေပြဋ္ဌာန်းချက်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊ ဗန်းမော်မြို့နယ်အတွင်း မူးယစ်ဆေးဝါး မှုများ ဖြစ်ပွားမှုအခြေအနေများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် နောက်ဆက်တွဲရောဂါများအားလည်းကောင်း၊  လူကုန်ကူးမှု ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ် မျိုးဇော်ဦးမှ လူမှောင်ခို/လူကုန်ကူးခံရသည့် ဖြစ်စဉ်များနှင့်လူမှောင်ခို/လူကုန်ကူးမှုမဖြစ်ပွားစေရေး သိထားသင့်သည်များ အား လည်းကောင်း၊ အမှတ်(၁၀ဝ)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး သက်နိုင်ဦးမှ ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း ဖောက်ဖျက်မှုများကြောင့်  လူသားအရင်းအမြစ်များ ဆုံးရှုံးနေမှုများ၊ ယာဉ်များ ထိခိုက်ပျက်ဆီးမှုအခြေအနေများအား အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
    

ထို့နောက် တပ်ဖွဲ့ဝင်များက တပ်ဖွဲ့အသီးသီးမှ ထုတ်ဝေသည့် မှုခင်းကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီး အခမ်းအနားသို့ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


မိုဃ်းကျ(မြစ်ကြီးနား)