မကွေး ၃၁ ဇူလိုင်
မြန်မာနိုင်ငံ၏ (၁၀) ခုမြောက်ဖြစ်လာမည့် အသဲရောင်အသားဝါ(စီ)ပိုး ကုသရေးစင်တာကို မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီး၌ သြဂုတ်လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရောဂါရှင်များအား အခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း အမျိုးသားအသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက်မန်နေဂျာ ဒေါက်တာခင်စန္ဒာအောင်ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ စီပိုးအခမဲ့ကုသရေးစင်တာများကို ၂၀၁၇ ခုနှစ်မှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိဆေးရုံကြီးများတွင် စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၌ မြစ်ကြီးနား နှင့် မော်လမြိုင်ဆေးရုံများတွင် ထပ်မံဖွင့်လှစ်ခဲ့ပြီးနောက် မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီး၌ ဖွင့်လှစ်မည့် စင်တာမှာ မြန်မာနိုင်ငံ၏ (၁၀) ခုမြောက် အသည်းရောင်အသားဝါ (စီ) ပိုး အခမဲ့ကုသရေးစင်တာ ဖြစ်လာတော့မည်ဖြစ်သည်။
“ မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးမှာ ကုသမှုစင်တာတစ်ခုအနေနဲ့ အသစ်တိုးချဲ့ဖို့ရှိတယ်။ မနက်ဖြန်ကစပြီး သင်တန်းတွေစမယ်။ ဆေးဝါးပို့ဆောင်ရေးအတွက် ဆောင်ရွက်နေပြီ။ ဓါတ်ခွဲပစ္စည်းတွေ တချို့ပို့ပြီးပြီ။ ဒီနှစ်အတွက် မျှော်မှန်းချက်ကတော့ လူဦးရေ ၂၀ဝ နဲ့ ၂၅၀ကြားမှာ ပထမဆုံးအနေနဲ့ ကုသနိုင်လိမ့်မယ် ” ဟု ဒေါက်တာခင်စန္ဒာအောင် က ဇူလိုင် လ ၃၀ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ နန်းထိုက်သူဟိုတယ်၌ ကျင်းပသည့် ကမ္ဘာ့အသည်းရောင်အသားဝါ တိုက်ဖျက်ရေးနေ့ အခမ်းအနားအပြီးတွင် မီဒီယာများအား ပြောကြားခဲ့သည်။
အသည်းရောင်အသားဝါရောဂါကို ပြည်သူ့ကျန်းမာရေး ပြသနာတစ်ရပ်အဖြစ်မှ ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထား၍ ဖယ်ထုတ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ပူးပေါင်းပါဝင်လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ခုနှစ်၌ မြန်မာနိုင်ငံအတွင်း အသည်းရောင်အသားဝါ ရောဂါဖြစ်ပွားမှုအား စစ်တမ်းကောက်ယူရန် အစီအစဉ်ရှိကြောင်း ၄င်းကဆိုသည်။
“ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စီမံချက်နဲ့ အသည်းရောင်အသားဝါ စီပိုးကုသဖို့အတွက် ပရောဂျက်မှာ မကွေးတိုင်းက ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒါကြောင့်မို့ စီပိုးရှိသူတွေဟာ မကွေးတိုင်းပြည်သူ့ ဆေးရုံကြီးမှာ အခမဲ့ကုသခွင့်ရပါတော့မယ်။ လူနာတွေအတွက် ကုန်ကျစရိတ်တွေ အများကြီး သက်သာသွားပါမယ်။ ကုသခွင့်ရပြီဆိုရင် တစ်ခြားလူကိုလည်း မကူးစက်နိုင်တော့ဘူး ” ဟု ဆေးတက္ကသိုလ် (မကွေး) ဆေးပညာဌာန ပါမောက္ခဒေါက်တာသင်းသင်းနွဲ့ က ရှင်းပြသည်။
၂၀၁၅ခုနှစ်က စစ်တမ်းများအရ အသည်းရောင်အသားဝါ ရောဂါ(ဘီ)ပိုးဖြစ်ပွားသူများမှာ မြန်မာနိုင်ငံလူဦးရေ၏ (၆.၇)ရာခိုင်နှုန်းရှိပြီး ယင်းရောဂါအတွက် ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်ကြောင်း၊ (စီ) ပိုးရောဂါဖြစ်ပွားသူမှာ နိုင်ငံ့လူဦးရေ၏ (၂.၇) ရာခိုင်နှုန်းရှိပြီး ယင်းရောဂါအတွက် ကာကွယ်ဆေးမရှိသော်လည်း ပျောက်ကင်းအောင် ကုသ၍ရကြောင်း ကမ္ဘာ့အသည်းရောင်အသားဝါ တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဇေယျတု(မကွေး)