စစ်တွေ ၃၁ ဇူလိုင်
ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ခရီးသွားလာရေးလုပ်ငန်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အဓိက စီမံကိန်းလုပ်ငန်းတွင် ပါဝင်ပါကြောင်း၊ ခရီးသွားလာရေးလုပ်ငန်းအတွက်လည်း ပြည်နယ်၏ ဒေသ အခြေအနေ၊ သဘာဝအရင်းအမြစ်များသည် အခွင့်အလမ်းကောင်းများဖြစ်ခြင်းကြောင့် ယခုလုပ်ငန်း သည်အားသာချက်တစ်ခု၊ အောင်မြင်နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊
ထိုသို့သော အခြေအနေများကြောင့် ခရီးသွားလုပ်ငန်းအပေါ်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံနိုင်သည့် ပုဂ္ဂိုလ်များကလည်း စိတ်ဝင်စားလျှက်ရှိကြပါကြောင်း၊ နိုင်ငံတော်အပိုင်းမှလည်း ခရီးသွားလုပ်ငန်းအပိုင်းကို အောင်မြင်အောင် ပံ့ပိုးပေးလျှက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ငပလီကမ်းခြေနှင့် မြောက်ဦးရှေးဟောင်းနေမြေတို့ရှိသကဲ့သို့ မာန်အောင်ကျွန်းကိုလည်း ခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည်ဖော်နေပြီဟု ပြော၍ရပါကြောင်း၊ အခြားခရီးသွားလုပ်ငန်း အသစ်များဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းကအစ အခွင့်အလမ်းကောင်းများရှိနေပါ ကြောင်း၊ ထိုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန် အစီအစဉ်များ ရှိပါကြောင်း။
ဒေသဖွံ့ဖြိုးရေးကိုဆောင်ရွက်သည်ဖြစ်စေ၊ ခရီးသွားလာရေးကိုဆောင်ရွက်သည်ဖြစ်စေ လုံခြုံ တည်ငြိမ်အေးချမ်းရေးသည် အဓိကကျပါကြောင်း၊ လုံခြုံတည်ငြိမ်မှုမရှိလျှင် ဖွံ့ဖြိုးရေး အပါအဝင် အုပ်ချုပ်ရေးပါ အခက်အခဲဖြစ်နိုင်ပါကြောင်း၊ လုံခြုံတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် ခရီးသွား လုပ်ငန်းများလည်း ကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တိုက်ရိုက်တာဝန်ရှိသူများ၊ ဆက်စပ်နေသူများအနေဖြင့် တည်ငြိမ်မှုကို ပိုပြီးထိန်းသိမ်းရန်လိုကြောင်း၊ သို့မှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသူများအနေဖြင့် ဆွေးနွေးအကြံ ပြုပေးကြရန် ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဌ၊ ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ကော်မတီ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲအောင်မိုး က (၁/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် သက်ဆိုင်ရာလုပ်ငန်းရှင်များက ဟိုတယ်၊ တည်းခိုရိပ်သာတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ၏ အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြပြီး ကော်မတီဥက္ကဌ ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


