ညောင်ဦး   ၃၁  ဇူလိုင်    

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၀ ရွာတွင် NEP စီမံကိန်းဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ယခုနှစ် ဒီဇင်ဘာလကုန် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဒုတိယမြို့နယ်လျှပ်စစ် မန်နေဂျာ ဦးဝင်းထိန် ထံမှ သိရသည်။

NEP စီမံကိန်းဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိသည့်ကျေးရွာများမှာ ညောင်ဦးမြို့နယ်အတွင်း ညောင်ပင်ကျေးရွာ၊ ယမ်းစမ်းကျေးရွာ၊ ရွာသာအေးကျေးရွာ၊ လက်ပံတဲ(တ၊ မ) ကျေးရွာ၊ ချောက်ကန်ကျေးရွာ၊ မြောင်ကျေးရွာ၊ စံပြကျေးရွာ၊ မြေသင်းတွင်းကျေးရွာ၊ သံဇပ်တောကျေးရွာနှင့် ယာတောကြီးကျေးရွာ တို့ဖြစ်ပြီး အဆိုပါ ကျေးရွာ မီးလင်းရေးလုပ်ငန်းများကို တင်ဒါစနစ်ဖြင့် အောင်သောင်းကုမ္ပဏီ နှင့် သုဟန်စည်ကုမ္ပဏီတို့မှ တာဝန်ယူ၍ ၂၀၁၉ ခုနှစ်၊ မေလ ပထမပတ်က စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုလက်ရှိတွင် ကျေးရွာ ၁၀ ရွာ၌ ဓာတ်အားလိုင်းတိုင်စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကာ လုပ်ငန်းပြီးစီးမှု ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ NEP စီမံကိန်းဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို တင်ဒါရရှိသည့်ကုမ္ပဏီများ အနေဖြင့် ဒီဇင်ဘာလကုန်တွင် အပြီးဆောင်ရွက်သွားရမှာဖြစ်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်သူနှင့် ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းထိန်တို့မှ အနီးကပ်ကြီးကြပ်ပြီး ဆောင်ရွက်နေမှုလုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် လျှပ်စစ်မီးရရှိပါက ဗို့အားကျဆင်းမှုများ မဖြစ်စေရေးအတွက် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း ကျေးရွာ (၁၀) ရွာအား ကျေးလက်နေပြည်သူများ ၂၄ နာရီ လျှပ်စစ်မီး သုံးစွဲခွင့်ရရှိရေး အတွက် ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် NEP စီမံကိန်းဖြင့် 200 KVA ထရန်စဖော်မာ ၇ လုံး ၊ 100 KVA ထရန်စဖော်မာ ၃ လုံး ခွင့်ပြုချထားပေးခဲ့ကြောင်း သိရကာ အဆိုပါ ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာပေါင်း ၁၀ ရွာမှ အိမ်ထောင်စု ၂၁၅၉ စု အား လျှပ်စစ်မီးအသုံးပြုခွင့် ရရှိစေမည့်အပြင် ကျေးရွာများ၏ လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အသုံးချဆောင်ရွက်လုပ်ကိုင်ခွင့်ရရှိစေမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းထိန် က ပြောပြ၍ သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)