မန္တလေး ၃၁ ဇူလိုင်
Gold AYA Motors International Group ကားထုတ်လုပ်ရေးစက်ရုံမှ တစ်နှစ်လျှင် မော်တော်ကား အစီးရေ ၅၀ဝ၀ ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကားစက်ရုံ၏ ပထမဆုံးထုတ်လုပ်သည့် Q35 ကားကိုလည်း ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။
"မန္တလေးမြို့က စီးပွားရေးအချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်တဲ့အတွက် မြို့သာစက်မှုဇုန်မှာ လာရောက်ရင်းနှီးမြုပ်နှံတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ထုတ်လုပ်တဲ့ တံဆိပ် (brand) အဖြစ်ထူထောင်ပါမယ်" ဟု Gold AYA Motors International Group ကုမ္ပဏီ၏ လက်ထောက် မန်နေဂျာ Jacky Yan ကပြောသည်။
ယနေ့စတင် မိတ်ဆက်သည့် Q35 ကို သြဂုတ်လ ၂ ရက်တွင် ရန်ကုန်မှာ စတင်ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
Gold AYA Motors International Group သည် မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မော်တော်ကားအမျိုးအစား ၁၀ မျိုးကိုထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီသည် တရုတ်နိုင်ငံ ကူမင်းမြို့ရှိ Shining Star Group ၏ ပိုးလမ်းမကြီး စီမံကိန်း (Belt and Road) ကို အကောင်ထည်ဖော်သည့် အနေဖြင့် ယခုလို ရင်းနှီးမြှုပ်နှံမှု ခြင်းဖြစ်သည်။ မော်တော်ကား ထုတ်လုပ်သည့် စက်ရုံကို မန္တလေးတိုင်း ဒေသကြီး မြို့သာစက်မှုဥယျာဉ်မြို့တော်တွင်တည်ရှိပြီး အမေရိကန်ဒေါ်လာ သိန်း ၃၀ဝ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
မြို့သာစက်မှုဥယျာဉ်မြို့တော်တွင်ရှိ မြေဧက ၂၀ ကျော်ပေါ်တွင် အကောင်ထည်ဖော်ဆောင်ရွက်နေပြီး SKD တပ်ဆင်ရေးစက်ရုံ ထုတ်လုပ်ပြီး ကားများရပ်နားရန်နေရာ ၊ စမ်းသပ်မောင်းနှင်သည့်လမ်းကြောင်း ၊ ဆီထိန်းသိမ်းသည့် ဂိုဒေါင် စသည်တို့ပါဝင်ကြောင်း သိရသည်။
အဆိုပါ စက်ရုံတွင် အိမ်သုံးဇိမ်ခံကား ၊ SUV ကား ၊ MPV ကား ၊ လုပ်ငန်းသုံးကား ၊ ပစ်ကပ်ထရပ်ကား ၊ အထူးကားနှင့် New energy ကားများ ထုတ်လုပ်မည်ဖြစ်ကြောင်းသိရသည်။
အိမို့မို့ခိုင်


