ရန်ကုန် ၃၁ ဇူလိုင် 

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ၏ သတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန သင်တန်းခန်းမ၌ ဇူလိုင် ၂၉ ရက်က စတင်ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက တက်ရောက်နေသည့် သင်တန်းသား/ သင်တန်းသူများက သတင်းရေးသားနည်းနှင့် သတင်းဆောင်းပါး ရေးသားခြင်းအား လက်တွေ့ရေးသားဆောင်ရွက်ကြသည်။ 

အဆိုပါဆောင်ရွက်နေမှုအား ဆရာဦးခင်မောင်ကျော်ဒင် ကြေးမုံသတင်းစာတိုက် စာတည်းမှူးချုပ်(ငြိမ်း)နှင့် ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ရီရီလွင်တို့က ကြီးကြပ်ဆောင်ရွက်ကြသည်။ သတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၃ ရက်ထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၄ ခရိုင်ရှိ ပြန်/ဆက်ဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင် (၂)၊ စာထောက်(၃)၊ ရုပ်သံကျွမ်းကျင်(၃)နှင့် အငယ်တန်းစာရေး စသည့် ဝန်ထမ်း ၄၄ ဦး တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ကိုဘုန်း(ပြန်/ဆက်)