ပုဂံ ၃၁ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ လောနန္ဒာဘေးမဲ့တောဥယျာဉ်တွင် မြန်မာ့ကြယ်လိပ်များအား ခြံလှောင်မွေးမြူထားရှိသည်။ ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံထဲမှာသာရှိသည့် ဌာနေဖွား မျိုးစိတ်ဖြစ်ပြီး နေရင်းဒေသများတွင် မျိုးသုဉ်းရန်အလွန်စိုးရိမ်ရသော အခြေအနေတွင် ရှိနေခြင်းတို့ကြောင့် မျိုးဆက်မပျက်သုဉ်းစေရေးအတွက် မွေးမြူပေါက်ဖွားလာစေရန်၊ တိုးပွားလာသော သားပေါက်ငယ်များကို ၎င်းတို့၏ နေရင်းဒေသများသို့ စေလွှတ်ပေးရန်၊ ဝါသနာရှင်များ၊ ပညာရှင်များ၊ သုတေသနပြုလုပ်နိုင်ရန်နှင့် အများပြည်သူ အနီးကပ်ကြည့်ရှုလေ့လာနိုင်ရန်အတွက် ရည်ရွယ်မွေးမြူထားခြင်းဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောက်က ရှင်းပြသည်။
မြန်မာ့ရှားပါးမျိုးရင်းကြယ်လိပ်များ မျိုးဆက်မပျက်သုဉ်းစေရေးအတွက် မွေးမြူပေါက်ဖွားလာစေရန်ဆိုသည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်အထီး(၄၂)ကောင်၊ အမ(၄၀)ကောင် စုစုပေါင်း(၈၂)ကောင်ကို ၂၀ဝ၁ ခုနှစ်တွင် စတင်မွေးမြူခဲ့ကြောင်း သိရသည်။ စတင်မွေးမြူစဉ်က ဆယ်ဂဏန်း၊ ရာဂဏန်းမျှသာ ပေါက်ပွားနှုန်းရှိခဲ့သော်လည်း ယခုအခါ နှစ်စဉ် ထောင်နှင့်ချီ ပေါက်ဖွားလာနေပြီဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင်လည်း ကြယ်လိပ်သားပေါက် (၁၃၁၅) ကောင် ပေါက်ဖွားလာခဲ့ကြောင်း၊ ပေါက်ဖွားနှုန်း(၄၈)ရာခိုင်နှုန်းရှိကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူးမှ ပြောပြသည်။
၂၀၁၉ ခုနှစ်ထိ (၁၉)နှစ်တာကာလအတွင်း ပေါက်ပွားနှုန်းကောင်းပြီး သေဆုံးနှုန်းနည်းသောကြောင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်၌ လက်ရှိတွင်အရွယ်စုံ ကြယ်လိပ် (၅၈၀၆)ကောင်ရှိကာ နေရင်းဒေသများသို့ စေလွှတ်ပေးခဲ့သည့် ကြယ်လိပ်(၁၆၅၀)ကောင် အပါအဝင် (၇၄၅၆)ကောင်ထိ တိုးပွားလာခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)


