ရန်ကုန် ၃၁ ဇူလိုင် 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၈)ဦး တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် အိမ်ရာအဆောက်အဉီကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၉)ခု ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၁၀၁ ဒသမ ၁၇၂) သန်းနှင့် ငွေကျပ် (၁၁၀၇၀၃ ဒသမ ၈၀ဝ) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃၀၂၉) နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း (၄၉) နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ (၁၂)ခု တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၁,၇၅၂) ခု ရင်းနှီးမြှုပ်နှံ လျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း (၈၀၈၉၂ ဒသမ ဝ၆၁) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ 

နိုင်ငံပေါင်း ၄၉ နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၇၂) ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၁၈)ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၃ ဒသမ ၈၂)ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။   

သတင်းစဉ်