နေပြည်တော် ၃၁ ဇူလိုင်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းဆိုင်ရာ တိကျမှန်ကန်သော သတင်းအချက်အလက်များကို ဖြန့်ဝေပေးရန်နှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းပြီး လုံခြုံမှုရှိသည့် ကောင်းမွန်သော ပုံရိပ်ကို နိုင်ငံတကာတွင် ပိုမိုထင်ရှား လူသိများလာစေရန်၊ မြန်မာနိုင်ငံ၏ သဘာဝအလှအပ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားရိုးရာ ဓလေ့စရိုက်များ၊ (၁၂)လရာသီပွဲတော်များကို ဖော်ထုတ်၍ အရည်အသွေးရှိသော ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး ဆွဲဆောင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော တာဝန်သိခရီးသွားလုပ်ငန်းကို ဖော်ဆောင်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် Digital Marketing ဆိုင်ရာ လုပ်ငန်းများကို ၂၀၁၉ ခုနှစ်ဧပြီလမှစ၍ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်။
ခရီးသွားမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့်အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၌ ဝန်ဆောင်မှုပေးလျက်ရှိသော ပုဂ္ဂလိကလုပ်ငန်းများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိုသော နိုင်ငံခြားသား ခရီးသည်များ တစ်နေရာထဲတွင် စုစည်းတွေ့ဆုံပေးသည့် ဝန်းကျင်တစ်ခုဖန်တီးပေးရန်၊ ၎င်းတို့အချင်းချင်းချိတ်ဆက်၍ ခရီးစဉ်များ ရောင်းဝယ်ဖောက်ကားမှု ဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံခရီးစဉ်ဒေသများကို စိတ်ဝင်စားသော နိုင်ငံတကာခရီးသွားအေဂျင်စီများကို ၎င်းတို့ဈေးကွက်တွင် ခရီးမြှင့်လုပ်ငန်းများ ဆောင်ရွက်လိုပါက လွယ်ကူစေရန် စသည့် ဝန်ဆောင်မှုများပေးနိုင်မည့် www.tourisminmyanmar.com.mm လိပ်စာဖြင့် Tourism Web Portal ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် စတင်လွှင့်တင်ထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Tourism Web Portal တွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသဆိုင်ရာ ဆွဲဆောင်မှုများ၊ မြန်မာနိုင်ငံတွင် ရရှိခံစားနိုင်မည့် အတွေ့အကြုံများ၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိုပါက သိရှိသင့်သည့် အချက်အလက်များ၊ မြန်မာနိုင်ငံ၏ (၁၂)လရာသီ ပွဲတော်များ၊ ပါဝင်ထည့် သွင်းလွှင့်တင်ထားသည့်အပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသော ခွင့်ပြုလိုင်စင်ရရှိ ပြီးသော ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များသည် အဆိုပါ Tourism Web Portal တွင် Register ပြုလုပ်၍ ကိုယ်ပိုင် Page များ ဖွင့်လှစ်ကာ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်


