လှည်းကူး ၃၁ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် မိုးစပါးစမ်းသပ်ကွက် စံပြကွက်များကောက်ယူမှု စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် ပိုးမွှားရောဂါကျရောက်မှု ရွှေခရုဖျက်ဆီးမှုတို့ကို နယ်မြေတာဝန်ခံများ၊ ကွင်းတာဝန်ခံများက ကျေးရွာတောင်သူများထံ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ ကွင်းဆင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်် ပတ်သက်၍ ဇူလိုင် ၃၀ ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးခန်းမ၌ ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်က လှည်းကူးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်ရွှေနှင့် ဝန်ထမ်းများအားတွေ့ဆုံပြီး မိုးစပါးစမ်းသပ်ကွက်၊ စံပြကွက်များ စာရင်းကောက်ယူမှု စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် ပိုးမွှားရောဂါကျရောက်မှု၊ ရွှေခရုဖျက်ဆီးမှုဆိုင်ရာများကို နယ်မြေတာဝန်ခံများ၊ ကွင်းတာဝန်ခံများမှ ကျေးရွာတောင်သူများထံ ကာကွယ်နှိမ်နှင်းနည်းများကို ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် လှည်းကူးမြို့နယ် မုဆိုးညောင်ပင်ကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ တောင်သူ(၁၀)ဦး၏ လယ်မြေတွင် ပြုလုပ်ထားသော စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)နှင့် ပူးပေါင်းဆောင်ရွက်သည့် တောင်သူများပူးပေါင်းပါဝင်သော စပါးဖျက်ပိုး ရွှေခရုကာကွယ်နှိမ်နင်းရေး သုတေသနစမ်းသပ်ကွက် ဆောင်ရွက်ထားမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


