ကျိုင်းတုံ ၃၁ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်အုပ်စု၊ ဟိုနား(ကချင်)ရွာတွင် လွန်ခဲ့သည့် နှစ်လခန့်မှစတင်၍ ကျေးရွာ၌ မွေးမြူထားသော ဝက်များသည် ရက်သတ္တတစ်ပတ်လျှင် တစ်ကောင်းနှုန်းဖြင့် ရှစ်ကောင်သေဆုံးကြောင်း သိရှိရသဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုင်းပန်လယ်အုပ်စု၊ မိုင်ပန်လယ်ရွာ၌လည်း သေဆုံးမှုများရှိကြောင်း ဇူလိုင် ၂၄ ရက် ညနေပိုင်းက သတင်းရရှိ၍ ကျိုင်းတုံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင် ဦးစီးသည့်အဖွဲ့နှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မိုးဝင်း ဦးစီးသည့် အဖွဲ့တို့သည် ဒေသတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၅ ရက်က စတင်၍ မိုင်းခွန်အုပ်စုနှင့် မိုင်းပန်လယ်အုပ်စု အတွင်းရှိ ကျေးရွာများသို့လည်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
“ဟိုနားကချင်ရွာမှာ နာမကျန်းဖြစ်နေတဲ့ ဝက်တစ်ကောင်တွေ့ပါတယ်။ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ (Seasonal Diseases) ကြောင့်ဖြစ်တာ တွေ့ရှိပါတယ်။ အဲ့ဒီရွာမှာ လွတ်ကြောင်းစနစ်နဲ့ မွေးမြူထားတဲ့ ဝက်ကောင်ရေ ၇၀ လောက်ရှိပြီး ကျန်တဲ့ ဝက် ၆၂ ကောင်ကို လိုအပ်တဲ့ ကာကွယ်ဆေးထိုးတာနဲ့ ကုသမှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရောဂါကာကွယ်ရေးအတွက် ဆေးရည်ဖျန်းတာ၊ ဆေးဘူးတွေ ဖြန့်ဝေပေးတာ၊ လက်ကမ်းစာစောင်ဝေတာနဲ့ ကျေရွာပြည်သူကို အသိပညာပေးတာတွေ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ အခြားကျေးရွာတွေမှာလည်း ဆောင်ရွက်ခဲ့ပါတယ်” ဟု ဒေါက်တာကျော်မိုးဝင်းက ပြောသည်။
ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဝက်များကို မိသားစုတစ်ပိုင်တစ်နိုင် မွေးမြူရာတွင် ကျေးရွာအများစုမှာ လွှတ်ကြောင်းစနစ်ဖြင့် မွေးမြူကြခြင်းဖြစ်ပြီး ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျေးရွာများသို့ ကွင်းဆင်း၍ စစ်ဆေးကြည့်ရှုခြင်း၊ ကာကွယ်ဆေးဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးရုံး(ကျိုင်းတုံ)မှ သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)


