၁ သြဂုတ်
ရန်ကုန်မြို့၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသော ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်သည် ၁၉၈၉ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ ၁၉၉၀ ပြည့်နှစ်တွင် ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းဟူ၍ ခွဲခြားသတ်မှတ်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၃၀ နီးပါးခန့် သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်သည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်သည် မြောက် ဘက်တွင် ၁၂ မိုင်၊ အရှေ့အနောက်သုံးမိုင် စုစု ပေါင်း စတုရန်းမိုင် ၃၀ ဒသမ ၅၄၅ မိုင် ကျယ်ဝန်း ပြီး ရပ်ကွက်ပေါင်း ၃၂ ခု ပါဝင်သည်။ လူဦးရေ သုံးသိန်း ခုနစ်သောင်းကျော် နေထိုင်လျက်ရှိသည်။
သယ်ယူပို့ဆောင်ရေးအနေဖြင့် မြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းမှ ယာဉ်အစီးရေ ၄၈၁ စီး၊ ကုန်တင်ယာဉ် ၄၇၂ စီး၊ လူစီးယာဉ် ၅၅၂ စီး၊ အခြား ၅၅ စီး နေ့စဉ် ဝင်ထွက်သွားလာနေသော မြို့လည်းဖြစ်သည်။
မြစ်ကူးတံတား တစ်စင်းသာ အသုံးပြုခဲ့ရ
ထို့ပြင် စက်မှုဇုန်(၁)၊ စက်မှုဇုန်(၂)၊ စက်မှုဇုန် (၃)၊ ၁၄၄ ရပ်ကွက် စက်မှုဇုန်စသည်ဖြင့် စက်မှု ဇုန်လေးခုမှ စက်ရုံအလုပ်ရုံပေါင်း ၁၃၆၈ ခု လုပ်ကိုင်လျက်ရှိသည်။ ယင်းစက်မှုလက်မှုလုပ်ငန်းများသို့ သွားလာနေသောယာဉ်များ စီးပွားရေးတက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်နှင့် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန လိုင်စင်ရုံးများသို့ သွားလာနေသောယာဉ်များသည် မြို့သစ် စတင်တည်စဉ်ကတည်းကပင် ငမိုးရိပ်ချောင်း မြစ်ကူးတံတားတစ်စင်းတည်းကိုသာ အသုံးပြု သွားလာနေခဲ့ရသည်။
ယင်းမြစ်ကူးတံတားကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဝင်ထွက်သွားလာနေသော ယာဉ်များ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ လှည်းကူး၊ ပဲခူးသို့ အမှတ်(၂) ကားလမ်းမကြီး အတိုင်း ဝင်ထွက်သွားလာသော ယာဉ်များပါ အသုံးပြုလျက်ရှိသဖြင့် လမ်းပိတ်ဆို့မှုများ၊ ယာဉ်ကြောကျပ်တည်းမှုများ အမြဲလိုလို ဖြစ်ပေါ်လျက်ရှိသည်။
“ ကျွန်တော်တို့ ဒဂုံမြို့သစ်က ဖွံ့ဖြိုးမှုလည်း နောက်ကျတော့ လိုအပ်တာတွေ အများကြီးပါ။ မြို့ထဲဘက်ကိုထွက်ရင် ဒဂုံမြို့သစ် တောင်မြောက် လမ်းဆုံက ငမိုးရိပ်တံတားတစ်စင်းကိုပဲ သုံးနေရတော့ ရုံးချိန်တွေဆိုရင် ကားလမ်းကျပ်တဲ့ဒုက္ခကို တော်တော်ခံစားရတယ်။ လိုင်းကားတွေ၊ ကိုယ်ပိုင်ယာဉ်တွေ၊ ကျောင်းကြိုပို့ယာဉ်တွေ အများကြီး သုံးနေတော့ ဒီလိုဖြတ်ထွက်တဲ့လမ်းကြောင်း တစ်ခုတော့ လိုတယ်ဆိုပြီး လွှတ်တော်ကို ကြယ်ပွင့်ပြ မေးခွန်းနဲ့ ဒဂုံမြို့သစ်တောင်ပိုင်း သုဝဏ္ဏ ငမိုးရိပ် တံတားတစ်စင်းကို တင်ပြတောင်းခံခဲ့တာ ဖြစ်ပါတယ်” ဟ ုဒဂုံမြို့သစ်တောင်ပိုင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်ကပြောသည်။
ထို့ကြောင့် ၂၀၁၆ ခုနစ် အောက်တိုဘာ ၇ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ)သို့ ငမိုးရိပ်ချောင်း မြစ်ကူးတံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တွင် ပြည်သူလူထုသွားလာရေး လွယ်ကူစေရန်နှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရန်အတွက် ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သင်္ဃန်းကျွန်း မြို့နယ် (သုဝဏ္ဏ)သို့ ငမိုးရိပ်ချောင်း မြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးရန်နှင့် ပတ်သက်၍ ထိုစဉ်က ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ငမိုးရိပ်ချောင်းပေါ်တွင် ပုဇွန်တောင် မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ ဆက်သွယ်ထားသော မဟာဗန္ဓုလတံတား၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ ဆက်သွယ်ထားသော သာကေတတံတား၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်တို့ ဆက်သွယ်ထားသော သုဝဏ္ဏ တံတား၊ သင်္ဃန်း ကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်တို့ ဆက်သွယ်ထားသော သုဝ္ဏတံတားအမှတ် (၂)၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်တို့ ဆက်သွယ်ထားသော ကမာကြည်တံတား၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် ဒဂုံမြောက်ပိုင်းမြို့နယ်တို့ ဆက်သွယ်ထားသော ငမိုးရိပ်တံတား၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြောက်ပိုင်းမြို့နယ်တို့ ဆက်သွယ် ထားသော ပါရမီတံတား၊ တောင်ဥက္ကလာပမြို့နယ် နှင့်ဒဂုံမြောက်ပိုင်းမြို့နယ်တို့ ဆက်သွယ်ထားသော ပါရမီတံတားအမှတ်(၂)၊ မြောက်ဥက္ကလာပမြို့နယ် နှင့် ဒဂုံမြောက်ပိုင်းမြို့နယ်တို့ ဆက်သွယ်ထားသော ငမိုးရိပ်တံတား(ဗိုလ်ဗထူး)တို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက် ခြင်းဖြစ်ပါကြောင်း။
မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြောက်ပိုင်းမြို့နယ်တို့ ဆက်သွယ်ထားသော ဒဂုံမြို့သစ်တံတား၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြောက်ပိုင်း မြို့နယ်တို့ ဆက်သွယ်ထားသော ဒဂုံမြို့သစ် လူကူး ကြိုးတံတား၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြောက်ပိုင်းမြို့နယ်တို့ ဆက်သွယ်ထားသော ငမိုးရိပ်တံတား (သုနန္ဒာ)၊ ရွှေပေါက်ကံမြို့သစ်နှင့် ဒဂုံအရှေ့မြို့နယ်တို့ ဆက်သွယ်ထားသော ရွှေပေါက်ကံတံတားနှင့် လှည်းကူးမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ်တို့ ဆက်သွယ်ထားသော ငမိုးရိပ် တံတား (ဒဂုံအရှေ့ မြို့နယ်) စုစုပေါင်းတံတားကြီး ၁၆ စင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။
မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ ဆက်သွယ်ထားသော သာကေတတံတားအသစ် အရှည် ၂၅၃ မီတာအား ဂျပန်နိုင်ငံမှ JICA ထောက်ပံ့ငွေဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း။
လမ်းမကြီးများ ချိတ်ဆက်မည့် လမ်းကွန်ရက်
ယခု ဆောင်ရွက်ပေးရန် တင်ပြထားသော ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ)သို့ ငမိုးရိပ်ချောင်းကူးတံတားတစ်စင်း တည်ဆောက်နိုင်ရန်အတွက် သင်္ဘောများသွားလာသည့် ချောင်းဖြစ်သည့်အတွက် ရေလမ်းကင်းလွတ်အမြင့်နှင့် အကျယ်တို့ကိုလည်းကောင်း၊ တံတား၏ ချဉ်းကပ်လမ်း တည်ဆောက်နိုင်မည့်နေရာနှင့် တံတားပေါ်သို့ ဝင်ရောက်နိုင်မည့် ချဉ်းကပ်လမ်း အခြေအနေတို့ကိုလည်းကောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ )ဘက်ကမ်းတို့တွင် တံတားကို ဆက်သွယ်လာမည့် အဓိကလမ်းမကြီးများက ချိတ်ဆက် နိုင်မည့် လမ်းကွန်ရက်တို့ကိုလည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကွင်းဆင်းလေ့လာကာ ဖြစ်နိုင်စွမ်းရှိသည့်နေရာကို ရွေးချယ်ပြီး ပြန်လည် တင်ပြသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင် က “ ဆောက်လုပ်ရေးဝန်ကြီးက ကွင်းဆင်း ကြည့်ရှုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပေါင်းစပ်ပြီး လိုအပ်ရင် တည်ဆောက်ပေးပါမယ်ဆိုပြီး ဖြေခဲ့ပါတယ်။ သူတို့ ကတိကဝတ်အတိုင်း ကွင်းဆင်း ကြည့်ရှုပြီး လိုအပ်တဲ့အတွက် တည်ဆောက်ပေးခဲ့ပါတယ်”ဟု ပြောသည်။
တောင်ဒဂုံ- သုဝဏ္ဏ တံတားသစ် တည်ဆောက်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ တင်ဒါခေါ်ယူခဲ့ပြီး မြတ်နိုးသူကုမ္ပဏီက ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ တံတားအမျိုးအစားမှာ အာစီကွန်ကရစ် အမျိုးအစားဖြစ်ပြီး ရေလမ်းကင်းလွတ်အမြင့် ၅ ဒသမ ၅ မီတာမြင့်ကာ ခံနိုင်ဝန် ၇၅ တန်ဖြစ်ကြောင်း သိရသည်။
တောင်ဒဂုံ- သုဝဏ္ဏ တံတားအသစ်သည် ငမိုးရိပ်ချောင်းကို ဖြတ်သန်းတည်ဆောက်ထားသည့် ၁၉ စင်းမြောက်တံတားဖြစ်ပြီး မြန်မာကျပ် ကျပ်ငွေသန်းပေါင်း ၅၈၀ဝ အကုန်အကျခံ ဆောက်လုပ် ထားခြင်းဖြစ်သည်။ အဆိုပါ တံတားကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ယာဉ်များ စတင် ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
သွားရေး၊ လာရေး ပိုမို အဆင်ပြေ
ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် အနှစ် ၂၀ ကျော်နေထိုင်ခဲ့သူ ဦးကျော်မြင့်က “ အရင်တုန်းက ဆိုရင် လေးထောင့်ကန်လမ်း၊ ဒါမှမဟုတ် ဧရာဝဏ် လမ်းဘက်က ထွက်ရတယ်။ မြို့ထဲကို ရှုခင်းသာ ဘက်က ထွက်ရတယ်။ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ပဲခူးဘက်ကလာတဲ့သူတွေ အကုန်လုံးက အဲဒီတံတားကို အသုံးပြုကြတယ်။ အရင်တုန်းက လမ်းနှစ်လမ်းရှိတယ်။ အခုက သုံးလမ်းဖြစ်သွားတဲ့အတွက် ပိုအဆင်ပြေသွားပါတယ်။ ဒဂုံတောင်တံတားအသစ် ဆောက်လုပ်လိုက်တဲ့အတွက် သွားရေး၊ လာရေးက အရင်ကထက် ပိုမိုအဆင်ပြေ လွယ်ကူသွားတယ်။ အရင်ကဆို တာမွေကို သွားမယ်ဆိုရင် ၄၅ မိနစ်၊ ၁ နာရီ လောက်ကြာတယ်။ အခုဆိုရင် အဲဒီတံတားက သွားလိုက်ရင် ၁၅ မိနစ်လောက်နဲ့လည်း တာမွေအဝိုင်းကို ရောက်သွားတယ်။ သာကေတဘက်ထွက်ရင်လည်း လွယ် တယ်။ အခုဆိုရင် ဒီတံတားက အသုံးပြုမှုအများဆုံး ဖြစ်နေတယ်” ဟု ပြောသည်။
ပြီးခဲ့သည့်လပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ)ငမိုးရိပ် ချောင်းကူး တံတား ချဉ်းကပ်လမ်း နိမ့်ကျမှုများ ရှိခဲ့သည့်အတွက် ပြည်သူလူထု စိုးရိမ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ယခုအချိန်တွင် ချဉ်းကပ်လမ်းနိမ့်ကျမှု အတွက် ထပ်ပိုးလွှာခင်းပြီး သွားလာရေး စိတ်ချနေရပြီဟုလည်း သိရသည်။
“ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က တည်ဆောက်ခဲ့တဲ့ တံတားတွေလည်း ချဉ်းကပ်လမ်း နိမ့်ကျသွားတာတွေရှိတယ်။ နိ်မ့်ရင်ထပ်ဖြည့်ရတယ်။ နောက်ပြီး တောင်ဒဂုံစက်မှုဇုန်နဲ့ နီးတဲ့အတွက် ကားတွေက တန်ပိုတွေနဲ့သွားလာနေတယ်။ ပုံမှန် ပြုပြင် ထိန်းသိမ်းမှုတွေလည်း လုပ်ဖို့လိုတယ်။ လမ်းတွေလည်း တော်တော်လေး ကောင်းသွားတယ်။ တံတားကြီးကလည်း တော်တော်အဆင်ပြေတယ်။ ဒါပေမယ့် သုံးတဲ့ကားတွေက များတဲ့အခါ လမ်းကို တိုးချဲ့ဖို့အတွက် အရေးတကြီး လိုအပ်နေတယ်လို့ ကျွန်တော်မြင်တယ်” ဟု ဦးကျော်မြင့်က ဆက်လက်ပြောကြားသည်။
ပြည်သူတွေ အကျိုးရှိစေတဲ့ စီမံကိန်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင် က “ဒဂုံမြို့သစ်တောင်ပိုင်းရဲ့ လိုအပ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ ဒဂုံတောင်- သုဝဏ္ဏ-ငမိုးရိပ်မြစ်ကူး တံတားတည်ဆောက်နိုင်မှုဟာ ပြည်သူတွေ အတွက် ချက်ချင်းလက်ငင်း အကျိုးရှိစေတဲ့ စီမံကိန်းတစ်ခုပါ။ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကျွန်တော်တို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အတွက် ကိုယ်စားလှယ်လေးဦးရဲ့ ပြည်သူနဲ့အတူ ကြိုးစားမှု၊ နိုင်ငံရဲ့ပံ့ပိုးမှုနဲ့ကြောင့် အခုလို အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ် “ ဟု ပြောသည်။
ဆောင်းပါး - နန္ဒာဝင်း