သံတောင်   ၁    သြဂုတ် 


ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ်  သံတောင်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းနှင့် မူကြိုကျောင်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး ပြောကြားခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပသိခန်းမ၌ ကျင်းပပြုလုပ်သည်။ 


ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်အေးအေးမူက  မူကြိုကျောင်းများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍  ဘာသာရေး အသင်းအဖွဲ့များမှ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသော မူကြိုကျောင်းများအား တရားဝင် ဖွင့်လှစ်နိုင်ရန်အတွက် နိုင်ငံတော်မှ အသိအမှတ်ပြု မှတ်ပုံတင်ထားရှိရန် လိုအပ်ကြောင်း သတ်မှတ်ထားသောအဆောက်အဦ မြေနေရာများကို စည်းကမ်းချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း သင်ကြားပေးသော ဆရာမများ အရည်အချင်း ပြည့်မီစေရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းများ ပို့ချပေးလျှက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် ကလေးသူငယ်ဥပဒေနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း တင်ပြခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ၏ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ စာရင်းဇယားများ ဖြည့်သွင်းဆောင်ရွက်မှုများကို သင်ကြားပို့ချပေးခဲ့သည်။


အဆိုပါသင်တန်းသို့ သံတောင်မြို့ပေါ် ရပ်ကွက်များရှိ ဒေသခံရပ်မိရပ်ဖများ သံတောင်မြို့အနီး ပတ်ဝန်းကျင်ကျေးရွာအုပ်စုများမှ ဒေသခံကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း မြို့နယ် (ပြန်/ဆက်)မှ သိရသည်။


MDN