အခု အဖြစ်များနေကြတဲ့ ဆင်တုပ်ကွေး ခေါ် Chikungunya ဟာ ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း လက္ခဏာတွေပေါ်လာတတ်ပါတယ်။ စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေ ကိုက်ခဲတာခံစားရတယ်၊ နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ အရေပြား အနီကွက်ဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ပြဿနာကတော့ အဖျားပျောက်တာ ကြာနေတာတောင် အားနည်းတာ၊ ယားယံတာနဲ့ နာကျင်ကိုက်ခဲမှုတွေက ကျန်နေခဲ့တာပဲ ဖြစ်ပါတယ်။
အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေ သက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။ Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့် သေဆုံးမှုဖြစ်တာ ရှားပါတယ်။ ဒါပေမယ့် နာတာရှည် ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေ ရောဂါပိုပြင်းထန်တတ်ပါတယ်။
ဆင်တုပ်ကွေးဖြစ်လာပြီဆိုရင် –
နားနားနေနေ နေပါ။
ရေများများသောက်ပါ။
ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ ကိုယ်ထင်ရာ အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးတွေ မသောက်ပါနဲ့။
အာဟာရပြည့်ဝအောင် စားပါ။
Chikungunya ဖြစ်ပြီးပြီဆိုလည်း ပေါ့ပေါ့ဆဆ မနေပါနဲ့။ လက္ခဏာစတင်ပြီး တစ်ပတ်အတွင်းမှာ ခြင်ထပ်အကိုက်မခံရအောင် ဂရုစိုက်ပါ။ နေမကောင်းဖြစ်နေတဲ့ကိုယ့်ကို ကိုက်သွားတဲ့ ခြင်ကတဆင့် ကိုယ့်မိသားစု သို့မဟုတ် တခြားသူတွေဆီ ဆက်ပြီးကူးစက်နိုင်လို့ပါ။
အဖျားကျပြီး သက်သာလာတဲ့ နာလန်ထအချိန်ကလည်း အရေးကြီးပါတယ်။ ဒါမှ ဆင်တုပ်ကွေးလက်ကျန် ဝေဒနာဒဏ်ကို တွန်းလှန်နိုင်ပြီး မြန်မြန်ပျောက်ကင်းနိုင်မှာပါ။
မြန်မြန်နာလန်ထူနိုင်အောင် ဘာတွေစားရမလဲ
ရေ
တုပ်ကွေးဖြစ်နေတဲ့ အချိန်မှာရော၊ သက်သာလာတဲ့အချိန်မှာရော ရေများများသောက်ပေးသင့်ပါတယ်။ ရေ သို့မဟုတ် ရေဓာတ်ပြည့်စေမယ့် အရည်တွေများများဝင်အောင် ဂရုစိုက်ပါ။
အုန်းစိမ်းရည်
အုန်းစိမ်းရည်သောက်ရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး ရေဓာတ်ပြည့်ဝစေနိုင်ပါတယ်။ ကိုယ်ခံအား စနစ်အတွက်လည်း အထောက်အကူပေးလို့ အုန်းစိမ်းရည်လေး သောက်ပေးပါ။
အစိမ်းရင့်ရောင် အသီးအရွက်
အစိမ်းရောင် အသီးအရွက်တွေက ကယ်လိုရီနည်းသလို ချေဖျက်ရလွယ်တယ်။ ဒီလိုအချိန်မှာ ခန္ဓာကိုယ်ကို ပြန်ဖြည့်တင်းပေးဖို့ လိုအပ်နေတဲ့ ဗီတာမင်တွေ အများကြီး ပါဝင်တယ်။ ဒီဗီတာမင်တွေကြောင့် ဆင်တုပ်ကွေးလို ရောဂါတွေကနေ ကျန်းမာရေး ပြန်ကောင်းမွန်လာဖို့ အထောက်အပံ့များစွာ ရနိုင်ပါတယ်။
စွပ်ပြုတ်
အိမ်မှာပဲ ချက်တဲ့ အသားနဲ့ အသီးအရွက်ဟင်းရည်၊ စွပ်ပြုတ်လေးတွေ သောက်ပါ။ မုန်လာဥဖြူ သို့မဟုတ် ဥနီပါရင် ပိုကောင်းပါတယ်။
ပန်းသီးနဲ့ ငှက်ပျောသီး
ဆင်တုပ်ကွေးဖြစ်ရာကနေ သက်သာကာစ အချိန်မှာ ပန်းသီးနဲ့ ငှက်ပျောသီး စားပေးပါ။ ပန်းသီးမှာ အစာခြေလမ်းကြောင်းကို သန့်စင်ကျန်းမာစေတဲ့ အမျှင်ဓာတ်တွေကြွယ်ဝပြီး ကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်။ ငှက်ပျောသီးမှာလည်း ဝမ်းချုပ်တာကိုကာကွယ်ပေးပြီး အူကိုသန့်စေတဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။
Omega 3 Fatty Acids
Omega 3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေ နဲ့ ဖြည့်စွက်အားဆေးတွေ စားသုံးဖို့လိုပါတယ်။ Omega 3 fatty acids က ဦးနှောက်လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ကောင်းမွန်စေတယ်၊ လေဖြတ်နိုင်ခြေလျော့နည်းစေတယ်၊ အဆစ်ရောင်လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဗီတာမင် C နဲ့ E
ဗီတာမင် C က အနာကျက်စေတဲ့အပြင် ကြွက်သား၊ အရိုး၊ အရွတ်နဲ့ သွေးကြောတွေရဲ့ဖွဲ့စည်းဖြစ်ပေါ်မှုကို ကူညီပေးပါတယ်။ ဗီတာမင် E က အသားအရေအတွက်ကောင်းတဲ့အပြင် ကင်ဆာရောဂါတွေ၊ ပါကင်ဆန်ရောဂါနဲ့ အဆစ်ရောင်လေးဘက်နာရောဂါတို့ကို ကာကွယ်ပေးပါတယ်။ မာလကာသီး၊ ပန်းငရုတ်ပွအဝါ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး စတာတွေမှာ ဒီဗီတာမင်နှစ်မျိုးလုံးကို ရရှိနိုင်ပါတယ်။
ရှောင်ရမှာက –
အချိုများတဲ့အစားအစာတွေ၊ အသင့်စားသရေစာနဲ့ အဆီများတာတွေရှောင်ပါ။
ကဖင်းနဲ့ ဂက်စ်ပါတဲ့ သောက်စရာတွေကို ရှောင်ပါ။
ဆေးလိပ်၊ အရက် ရှောင်ပါ။
ပြုပြင်စီမံထားတဲ့၊ အေးခဲထားတဲ့ အစားအစာတွေကို ရှောင်ပါ။
အပူအစပ်တွေ ရှောင်ပါ။
ရေးသားသူ -Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”