၁ သြဂုတ်
ရှမ်းတောင်တန်းတွေနဲ့ မြေပြန့်ဒေသကို ကြားခံဆက်သွယ်ပေးထားတဲ့ မြို့လေးလို့ဆိုရ လောက်အောင် မန္တလေးတိုင်းဒေသကြီးအဆုံး ရှမ်းပြည်နယ်အစ နယ်စပ်မြို့လေးပါ။ ဒီမြို့ကို အမျိုးမျိုးခေါ်ဆိုခဲ့ကြတယ်။ ပန်းမြို့တော်၊ တောင်စခန်းမြို့၊ တောင်လှေကားမြို့လို့ တင်စားခေါ်ဝေါ်ခဲ့သလို ကိုလိုနီခေတ်တုန်းက မေမြို့ ခုတော့ ပြင်ဦးလွင်ဆိုပြီး သိကြတယ်ပေါ့။ ရာသီဥတုမပြင်းထန်ဘဲ အချိန်တိုင်းအေးမြနေတာကိုက ပန်းကမ္ဘာ မျှော်စင်အဖြစ် တင်စားစေပါသေးတယ်။ ကိုလိုနီခေတ်က အပန်းဖြေစခန်းမြို့လည်း ဖြစ်တဲ့အတွက် ကိုလိုနီအဆောက်အအုံတွေ အများအပြား ကြွင်းကျန်နေခဲ့တဲ့ အရပ်ဒေသလည်းဖြစ်ပြီး နို့နဲ့ နို့ထွက်ပစ္စည်းမှာလည်း နာမည်ရပါတယ်။ သဘောကျတာတစ်ခုက သူလည်း လူမျိုးဘာသာပေါင်းစုံ ချစ်ကြည်စွာနေထိုင်နေတဲ့ အရပ်လို့ မြင်မိပါသေးတယ်။ ဘာသာစုံနဲ့ ဆက်နွှယ်နေတဲ့ ဘုရားကျောင်းကန်အစုံ၊ အစားအသောက်အစုံ၊ ဝတ်စားဆင်ယင်မှုအစုံနဲ့ ဓလေ့အစုံကို မြင်တွေ့ရတဲ့ အရပ်ဒေသပါပဲ။
ပြင်ဦးလွင်မှာ လည်ပတ်စရာ အသစ်များ
အသစ်ဆိုတဲ့နေရာမှာ တကယ်ကို ၂၀၁၈ အကုန် ၂၀၁၉ မှ စပြီး ဖွင့်လှစ်တည်ရှိလာတဲ့ နေရာတွေနဲ့အရင်က ရှိပေမယ့် လူသိပ်မသိသေးတဲ့နေရာ လေးတွေရယ်ကို စုစည်းပေးလိုက်တာပါ။
Mico Hill
အရင်က ထိုင်းကို အလည်သွားရင် ချစ်စရာ ကောင်းအောင် ပန်းခြံလေးတွေကို ဥရောပပုံစံတွေ၊ ရုပ်တုလေးတွေ၊ ပန်းတွေနဲ့ ပြင်ဆင်ပြီး ခရီးသွားတွေကို ဆွဲဆောင်ကြတာမြင်တော့ မချင့်မရဲဖြစ်တယ်။ ကိုယ်တွေဆီမှာ မရှိလို့။ ဟော အခု Mico Hill ကို မြင်လာတော့ ထိုင်းကပုံစံမျိုးလို့ ခံစားရပြီး သဘောကျတယ်။ အလွန်ကြီးတော့ လက်ရာ မသေသပ်ပေမယ့် အတော်လေး အဆင်ပြေနေတာ တွေ့ရတာ အားတက်မိတယ်။ တည်းခိုနေထိုင်လို့ ရအောင်အထိ ရည်ရွယ်တည်ဆောက်နေတဲ့ ဒီ Resort မှာ ပန်းခြံလေးတွေ၊ ဆင်ပေးထားတဲ့ ဓာတ်ပုံရိုက်ချင်စရာနေရာနဲ့ အဆောက်အအုံတွေက လူငယ်ကြိုက်ဖြစ်ပါလိမ့်မယ်။ နောက်များဆို ဖျော်ဖြေပွဲတွေတောင် လုပ်ဦးမယ်တဲ့။ ရှေ့အဝင်မှာတော့ စားသောက်ဆိုင်တစ်ခု ဖွင့်ထားပါတယ်။ ဝင်ကြေးအားဖြင့် လူတစ်ဦး ကျပ် ၁၀ဝဝနဲ့ ရေသန့်ဘူးသေး ပေးပါတယ်။ လည်စရာတစ်နေရာ ထပ်တိုးတယ်ပေါ့လေ။ ပြင်ဦးလွင် - လားရှိုးလမ်း အတိုင်း၊ မဟာအံ့ထူးကံသာဘုရားကြီးအကျော်ကမြို့ဝင်ကြေး ကောက်တဲ့နေရာကို မိနစ်နည်းနည်း ဆက်သွားရင် လမ်းရဲ့ဘယ်ဘက်အခြမ်းမှာ ရှိပါတယ်။
ပစ်တိုင်းထောင်ကျောင်း
ပြင်ဦးလွင် - လားရှိုးလမ်းအတိုင်း ဒီဇင်ဘာခြံကို ကျော်လာခဲ့ရင် လမ်းရဲ့ဘယ်ဘက်အခြမ်းမှာ ပစ်တိုင်းထောင်ကျောင်း လမ်းညွှန်ဆိုင်းဘုတ်တွေ့မယ်။ ဒီဇင်ဘာခြံကျော်ကတည်းက ဖြည်းဖြည်း သတိနဲ့မောင်းပါ။ ကျွန်တော်တို့လည်း သတိထားလျက်နဲ့ကို လွန်သွားတတ်လို့။ အဲဒီလမ်းညွှန် ဆိုင်းဘုတ်လေးရှိရာလမ်းအတိုင်း အတွင်းကို ခပ်ဝေးဝေး ဝင်လာရင် ပစ်တိုင်းထောင်အရုပ် လေးတွေများစွာနဲ့ ဗုဒ္ဓရုပ်ပွားတော်များစွာ လှပသပ္ပာယ်ထူးခြားစွာ တည်ဆောက်ထားတဲ့ ပစ်တိုင်းထောင်ကျောင်းနဲ့စေတီကို ဖူးမြင်ကြရပါလိမ့်မယ်။ အတော်ထူးခြားတဲ့ စိတ်ကူးလေးပါပဲ။ တောင်ကုန်းလေး အဆင့်ဆင့်မှာ တစ်တန်းချင်း ရုပ်ပွားတော်တွေကို ဖူးကြရမယ့်အပြင် အရောင်အစပ်အဟပ် ထူးခြားတော့ ဓာတ်ပုံရိုက်ဖို့အတွက် ပါ အဆင်ပြေနေတာ တွေ့ရပါတယ်။
စည်သာကော်ဖီခြံ
အရင်ကတည်းက ရှိပေမယ့် အခုနောက်ပိုင်းမှ ပိုပြီးလူသိလာတဲ့နေရာပါ။ ကော်ဖီဆိုင် ခပ်ကြီးကြီး လေးရှိပြီး အောက်ဘက်က ပန်းခြံလိုနေရာလေးနဲ့ ကော်ဖီခြံတစ်ခွင် လိုက်ကြည့်ဖို့ဆိုရင်တော့ ဝင်ကြေး ကျပ် ၁၀ဝဝ ပေးရပါတယ်။ ကော်ဖီတစ်ခွက် ပြန်တိုက်ပါလိမ့်မယ်။ကော်ဖီခြံက အကျယ်ကြီးပါ။ ထိပ်ဘက်မှာတော့ ကော်ဖီအစေ့ထုတ်နေတာမျိုး၊ လှန်းထားတာမျိုးမြင်ကြရမယ်။ အတွင်းဘက်ကို ဆက်လျှောက်ရင် အဆုံးနားမှာ လမ်းဆုံတစ်ခု တွေ့မယ်။ တစ်ဖက်က လှေဆိပ်ရောက်ပြီး တစ်ဖက်က ကော်ဖီစေ့ခင်းကိုရောက်မယ်။ လမ်း တော့ အတော်လျှောက်ရတာမို့ Soft Trekking လို ဖြစ်နေတာ။ လှေဆိပ်ဆိုပေမယ့် ခုတော့ လှေတွေကို ဒီအတိုင်းသိမ်းထားတာပဲ တွေ့ရတယ်။ ဆော့သူ မရှိ။ လှေဆိပ်ဆင်းတဲ့နေရာက ဝန်ထမ်း အိမ်ရာမှာ ခွေးတွေအများကြီး ထိန်းသိမ်းထားလို့ လာရတာ နည်းနည်းတော့ လန့်သား။ ရောက်လက် စမို့သာ ဆင်းကြည့်ဖြစ်တာ။ ဒီနေရာလေးလည်း လည်ပတ်စရာတစ်ခုအနေနဲ့ စိတ်ဝင်စားမိပါတယ်။
ဒီဇင်ဘာ ရေတံခွန်
ကျွန်တော် ပထမအခေါက်တွေ ရောက်တုန်းက ဝင်ကြေးမရှိဘူး။ အခုတော့ ဝင်ကြေးက လူ တစ်ဦး ကျပ် ၁၀ဝဝ၊ ကားက ကျပ်၅၀ဝ ပေးရပါပြီ။ အတွင်းကို ဘတ်ဂီကားနဲ့ လည်မယ်ဆိုရင်တစ်ဦးကို အသွား ကျပ် ၅၀ဝ နဲ့ အပြန် ကျပ် ၅၀ဝ ပေးရတတ်တယ်။ခြံလေးကအဲ့လောက်မကျယ်သေးလို့ ကျွန်တော့်အနေနဲ့ကတော့ ဘတ်ဂီ စီးတာထက် လမ်းလျှောက် ကြည့်တာလေးကို ပိုသဘောကျမိတယ်။ လှေစီးဖို့ လှေဆိပ်လေးလည်းရှိပြီး လှေတွေ အသင့်ပြင် ထားပေးပြီ။ စားသောက်ဆိုင်တွေလည်း အကုန်စုံ လာပြီ။ မြင်းစီးချင်ရင်လည်း ရသလို၊ ကလေးလေး တွေ အရုပ်ကောက်၊ အရုပ်ပစ်ချင်ရင်လည်း အတော်စုံလင်သွားတာကို သတိပြုမိတယ်။ ကြိုးတံတားလေးတွေက ဒီပန်းခြံရဲ့ အထင်ကရ ဖြစ်လာပြီးတော့ ဒီတစ်ခေါက်မှာ ထူးထူးခြားခြား သတိပြုမိတာက အနားယူစားသောက်ဖို့ အဖြူရောင်ပိတ်ထူမိုးထားတဲ့ တဲလေးတွေကို ရေချောင်းလေးဘက် ထိုးထွက်ဆောက်ပေးထား တာပဲ။ ဒါလေးက ဓာတ်ပုံရိုက်ချင်စရာလေး ဖြစ်နေပြီး လာရောက်တဲ့သူတွေ အတော်သဘော ကျနေကြပါတယ်။ ပန်းစိုက်ထားတာတွေလည်း အတော်လေးစုံလာသလိုပန်းပွင့်ချိန်လည်း ဖြစ်လာတော့ ဒီနေရာဟာ သွားလည်လို့ ကောင်းတဲ့ နေရာတစ်ခု ပိုဖြစ် လာတယ်လို့ ဆိုရပါမယ်။
စူဠာမဏိ ပုထိုးတော် ကြီးနဲ့ မြမဉ္ဇူလေးမျက်နှာ ဘုရားကြီး
ဘုရားဖူးတွေနဲ့ ခရီးသွားတွေ သတိမပြုမိဘဲ ကျော်သွားတတ်တဲ့ ဒီဘုရားဟာ Ruby Mart ဘေး မြဝတီဆီဆိုင်ရှေ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ အတွင်းကို ဝင်သွားလိုက်ရင် တည်ဆောက်ဖွဲ့စည်းထားပုံ ထူးခြားတဲ့ ဒီဘုရားကြီး ကို ဖူးမြင်ကြရမှာပါ။ အတွင်းဘက်မှာ ကျောင်းတိုက်တွေလည်းရှိပြီး ကားရပ်ဖို့လည်း နေရာ လုံလောက်ပါတယ်။ အပေါ်ထိတက်ပြီး ဖူးလို့ရတာမို့ ရှုခင်းလည်း အဆင်ပြေတယ်လို့ ဆိုရပါမယ်။
အစဉ်အလာမပြက် အခြားလည်ပတ်စရာ နေရာများ ဘုရားကျောင်းကန်နဲ့ စေတီပုထိုးများ
(၁) မဟာအံ့ထူးကံသာစေတီ
ကြီးမားတဲ့ စကျင်ကျောက်ကနေ ထုဆစ်ထားတဲ့ ဆင်းတုတော်ကြီးက တရုတ်နိုင်ငံကို ပင့်ဆောင်သွားစဉ်မှာ အခုဘုရားတည်တဲ့နေရာ အရောက်မြေခခဲ့တဲ့အတွက် ပြည်ချစ်ဘုရားအဖြစ် နာမည်ကြီးပြီး ခုလို မဟာအံ့ထူးကံသာစေတီကြီးကို တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့ကို အလည်လာသူတိုင်း လာရောက် ဖူးမြော်ကြသလို၊ ဒီဘုရားကြီးရဲ့ တစ်ဖက်ခြမ်းက ကွင်းပြင်ကြီးမှာ မီးပုံးပျံပွဲတော်ကြီးနဲ့ ဈေးပွဲတော် ကို ဆင်နွှဲကြတာ ဖြစ်ပါတယ်။
(၂) ဇိနမာန်အောင် ကျောက်တောင်စေတီ
ပြင်ဦးလွင်မြို့အဝင်မှာ မြင်တွေ့ဖူးမြင်ကြ ရတာဖြစ်ပြီး တောင်လေးပေါ်ကို တက်သွား ရသလိုမို့ မြို့အပြင်ဘက်ခြမ်းက လူနေအိမ်လေး တွေနဲ့ တောင်၊ ချောက် စတာတွေကို မြင်တွေ့ နိုင်မယ့်နေရာလည်း ဖြစ်ပါတယ်။ တောင်ပေါ်ကနေ ရှုခင်းလှတယ်လို့လည်း ဆိုကြပါတယ်။
(၃) နှီးဘုရား
ဓာတ်တော်ချိုင့်ရေတံခွန်နား မရောက်ခင်လေး ပြင်ဦးလွင်ဘက်အတက်လမ်း ညာဘက် အခြမ်းမှာ ရှိပါတယ်။ အတွင်းဘက်ကို နည်းနည်း ဝင်ရတယ်။ မြို့ရှောင်လမ်းကနေ သွားရင်လည်း ရောက်ပါတယ်။ နှီးဘုရားကြီးကို ဖူးမြော်ရင်း ဝန်းကျင်သဘာဝအလှကို ခံစားနိုင်ပါတယ်။
(၄) မြွေဘုရား
မန္တလေး - ပြင်ဦးလွင် အတက်ကားလမ်း ညာဘက်ခြမ်းမှာပဲ တည်ရှိတာပါ။ ကျွန်တော် ကိုယ်တိုင်လည်း မရောက်ဖြစ်သေးပါဘူး။ ဒီဘုရားကိုလည်း ခရီးသွားဧည့်သည်တချို့ဝင်ရောက် ဖူးမြော်ကြတယ်လို့ ကြားရပါတယ်။
(၅) တရုတ်ဘုံကျောင်း
ပြင်ဦးလွင်ရောက်ရင် သွားရောက်လည်ပတ်ပြီး ဘုရားဖူးသင့်တဲ့အထဲမှာ တရုတ်ဘုံကျောင်း ကြီးလည်း ပါဝင်ပါတယ်။ သက်သတ်လွတ် စားသောက်ဆိုင်တစ်ခုလည်းရှိတဲ့ ဒီဘုံကျောင်းကြီး အတွင်းမှာ ဘုရားဖူးရင်း ဗေဒင်မေး စာချနိုင်ပါတယ်။ တရုတ်နံပါတ်နဲ့ ဟောစာတမ်းတွေကို သီလရှင်ဆရာလေးများက ကူညီပေးလေ့ရှိတတ်ပါတယ်။ ဘုံကျောင်းကြီးအတွင်းမှာ ဓာတ်ပုံရိုက်ဖို့ လှပနေပြီး ဝတ်စုံငှားတဲ့နေရာလည်း ရှိလို့၊ တရုတ်၊ ကိုရီးယားဝတ်စုံများကို ငှားရမ်းဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။
နှစ်ပေါင်းရာကျော်ရှိဘုရားကျောင်းကြီးများ
နှစ်ပေါင်းရာကျော်ရှိ ဘုရားကျောင်းကြီး များရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ဧည့်သည်များပြီး ဆူညံလာလို့ ဘုရားဝတ်ပြုချိန် အနှောင့်အယှက် ဖြစ်လာတဲ့အတွက် ဧည့်အလာ သိပ်လက်မခံတော့တာ များပါတယ်။ ကျွန်တော်လည်း ဘယ်နေရာ ဆိုတာ မညွှန်းချင်တော့ပါဘူး။
သဘာဝလိုဏ်ဂူ
(၁) ပိတ်ချင်းမြောင် သဘာဝလိုဏ်ဂူ
ဒီနေရာကတော့ နာမည်ကျော်ပါ။ ပြင်ဦးလွင် ရောက်သူတိုင်း လာရောက်လည်ပတ်ကြပြီး လိုဏ်ဂူအတွင်းက ဘုရားတွေကို ဖူးမြော်ကြပါတယ်။ ရေတံခွန်အငယ်စားလေးလည်းဖြစ်လို့ ရေကစားကြသူများလည်း ပေါများပြီး နေ့လယ်စာ ထမင်းဆီဆမ်း၊ ဆတ်သားခြောက်ဖုတ် စတာတွေ စားသုံးလို့ကောင်းတဲ့နေရာ ဖြစ်ပါတယ်။ လက် ဆောင်ပစ္စည်းတွေ၊ ပရဆေးနဲ့ တောထွက်ပစ္စည်းတွေ ဝယ်လို့ရတဲ့နေရာတစ်ခုပါ။ ခွေးလှေးယားစေ့ အနက်လည်း ဒီမှာဝယ်လို့ရပါတယ်။ ။
Thiha, the Traveller @ သီဟလုလင်