မြင်းမူ  ၁   သြဂုတ် 


သာသနာသက္ကရာဇ်(၂၁၈)ခုနှစ် သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော မြင်းမူမြို့ရှိ ရှေးဟောင်းစေတီတော်ကြီးဖြစ်သော ရှင်ပင်ရွှေစောလူး မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို သြဂုတ် ၈ ရက်မှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။


`ဘုရားပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပေးရန်နဲ့ ဘုရားပွဲတော်လာ ပြည်သူများအတွက် ကြည်ညိုသဒ္ဓါ ပွားများနိုင်ရန်အတွက် လုံခြုံရေး၊ ကျန်းမာရေး၊ မီးဘေးအန္တရာယ် မဖြစ်ပွားဖို့နဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် အဖွဲ့ပေါင်းစုံက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပြီး ပွဲတော် ကျင်းပရေး ကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်းတာဝန် ပေးအပ်ထားပါတယ်” ဟု ဘုရားပွဲတော်ကျင်းပရေး ကော်မတီဥက္ကဌ ဦးတင်အောင်လွင် ကပြောပြသည်။


နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိသော ရှင်ပင်ရွှေစောလူးမြတ်စွာ ဘုရားပွဲတော်ကြီးတွင် ဇတ်သဘင်ဖျော်ဖြေပွဲများ၊ မျက်လှည့်များအပြင်  မြန်မာ့ရိုးရာခြင်းဝိုင်း(ဝိုင်းခတ်ခြင်း) များနှင့် အခြားပျော်ပွဲရွှင်ပွဲများဖြင့် ပွဲတော်လာ ပြည်သူများအား ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။  


ထို့အပြင် မြို့ပေါ်ရှိ သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်များအား ဘုရားဂေါပကအဖွဲ့မှကြီးမှူး၍ ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် ဘုရားပွဲတော်ပိတ်သိမ်းပွဲကို သြဂုတ် ၁၅ ရက်တွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရှိရသည်။


အောင်စိုးဖေ(မြင်းမူ)