မကွေး ၁ သြဂုတ်
မကွေးတိုင်းဒေသကြီး အတွင်းရှိ တစ်နိုင်တစ်ပိုင် ပျားမွေးမြူရေး လုပ်ကိုင်သူ(၈၆)ဦးသည် ပျားအုံအိမ်ပေါင်း တစ်သောင်းသုံးထောင်ခန့်ကို ဒေသခံ တောင်သူများ၏ နှမ်းခင်း၊ ဇီးခင်းများဘေး၌ ချထားမွေးမြူ၍ ပျားရည် ထုတ်လုပ်လျက်ရှိပြီး ပျားဝတ်မှုန်ကူး လုပ်ငန်းစဉ်သည် စိုက်ပျိုးမွေးမြူသူများကို အပြန်အလှန် အကျိုးပြု ပေးလျက်ရှိကြောင်း သိရသည်။
တောင်သူတို့၏ စိုက်ခင်းများတွင် အသီးအပွင့်အောင်၍ အထွက်နှုန်းများ ကောင်းမွန်လာခဲ့သည့် အပြင် ၂၀၁၈ ခုနှစ်က ပျားရည်တန် ၂၅၀ ထုတ်လုပ်နိုင်ခဲ့ကာ နိုင်ငံခြားပို့ကုန်တန် ၂၀ဝ ကို မကွေးတိုင်းဒေသကြီး တစ်ခုတည်းမှ တင်ပို့နိုင်ခဲ့သည်။
“မနှစ်က တန်၂၀ဝ အိတ်စပို့ လုပ်နိုင်ခဲ့တယ်။ ဒီနှစ်ထဲမှာ အမေရိကားကို ကွန်တိန်နာတစ်လုံး ပို့ပြီးပြီ။ တစ်နိုင်ငံလုံး အနေအထားနဲ့ဆို မနှစ်က အနည်းဆုံးတန် ၂၅၀ဝ နဲ့ ၃၀ဝ၀ ကြားလောက် ပို့နိုင်ခဲ့ပါတယ်။ ပျားလေးတွေက ဝတ်မှုန်ကူးပေးတဲ့အတွက် စိုက်ခင်းတွေမှာ အသီးအောင်တယ်။ အထွက်တိုးတယ်။ ကျေးရွာတွေအတော်များများကလည်း လက်ခံနေကြပြီ” ဟု ပျားလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးနိုင် က ပြောသည်။
ပျားရည်ထုတ်လုပ်သူများသည် သီးနှံတို့၏ ပန်းပွင့်ချိန်အလိုက် ပျားအိမ်များကို နေရာပြောင်းရွှေ့ချထားရပြီး ဧပြီလနှင့်မေလများတွင် ရေသွင်းနှမ်းများရှိရာ ဧရာဝတီမြစ်အနောက်ခြမ်း မင်းဘူး၊ပွင့်ဖြူ၊စလင်း မြို့နယ်များ၊ ဇွန်၊ ဇူလိုင်လများတွင် မိုးဦးနှမ်းများရှိရာ မကွေးမြို့နယ်၊ သြဂုတ်လထဲတွင် ပြောင်းစိုက်ခင်းများရှိရာ မြို့သစ်၊တောင်းတွင်းမြို့နယ်များ၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ ၃ လတွင် တောဇီးပင်များရှိရာ စစ်ကိုင်းတိုင်း၊ ကနီနှင့် နွေကာလတွင် ပဲခူးတိုင်း မိုးညို ၊ မင်းလှ ဒေသများသို့ လှည့်လည်သွားကာ ပျားရည်ထုတ်ကြရသည်။
“နိုင်ငံတကာမှာဆိုရင် နေကြာစိုက်ခင်းတွေဘေးမှာ ပျားမွေးမြူရေးသမားတွေကို ငှားရတဲ့အဆင့်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ခုမှ တွင်ကျယ်လာစဆိုပေမယ့် တောင်သူတွေက အကျိုးဖြစ်မှန်း နားလည်လာကြပြီ။ ဒိုက်ဦးဘက်က ဖရဲခင်းတွေဆိုရင် ပျားသမားတွေလာချပေးပါ။ ဖရဲတွေအောင်မြင်တယ် ဆိုပြီး ဌားတဲ့အဆင့်ရောက်လာပါပြီ။ မကွေးမှာ ယာခင်းတွေဘေးချတော့ တောင်သူတွေက လိုလိုချင်ချင်ပါပဲ။ အတွင်းဘက် မရောက်တဲ့နေရာတွေကတောင် သူတို့ဘက်လာချပေးပါ လို့ပြောတာတွေရှိတယ်။ အဲဒီ့အထိအောင် လာချစရာမလိုဘူး။ ပျားက တစ်မိုင်ခွဲ ၊ နှစ်မိုင်အထိအောင် သွားတာဆိုပြီး ရှင်းပြရတယ်” ဟု မကွေးတိုင်းပျားမွေးမြူရေးအသင်းဥက္ကဌ ဦးသိန်းဇော် က ဆိုသည်။
နိုင်ငံခြားပို့ကုန်အတွက် ပျားရည်တစ်ပိဿာကို ၂၅၀ဝ နှုန်းဖြင့် မကွေးမြို့တွင် အဝယ်ဒိုင်မှ ကောက်ယူနေပြီး ပျားမွေးသူများက ပျားရည် တစ်လီတာဗူး တစ်ဗူးလျင် ၄၀ဝ၀ ကျပ်ဖြင့် ဈေးကွက်၌ရောင်းချနေကြောင်း၊ ပျားအိမ် ၁၀ဝ ဖြင့် လုပ်ငန်းစတင်လျင် အရင်းအနှီး သိန်းတစ်ရာခန့်ရင်းရပြီး ၅နှစ်ဖြင့်အရင်းကျေကာ ထပ်မံရင်းနှီးရန် ငွေများစွာမလိုကြောင်း၊ ပျားရည်ထုတ်လုပ်သူများသည် နှမ်း၊ ဇီး ၊ ပန်းနှမ်း၊ လိုင်ချီး၊ ဖရဲ၊ စိုက်ခင်းများရှိရာ ဒေသအနှံ လှည့်လည်သွား၍ ပျားရည်ထုတ်လျက်ရှိကာ ဇီးခင်းများမှ ထုတ်လုပ်သည့် ဇီးပျားရည်မှာ တစ်နိုင်ငံလုံးထွက်ရှိမှု၏ ၆၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


