ကော့သောင်း ၁ သြဂုတ်
မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၈၆ ဦး၊ အမျိုးသမီး ၁၆ ဦး ကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၁၀၃ ဦးကို ယမန်နေ့ ညနေပိုင်းက ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူများက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ရာ ဒေသတာဝန်ရှိအဖွဲ့အစည်းများကပြန်လည်လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လာရောက်လွှဲပြောင်းပေးသည့်အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံကြကာ ပြည်သူ့ ကျန်းမာရေးဌာနမှ လိုအပ်သည် ကျန်းမာရေးပြုစုရှောက်မှုများ ဆောင်ရွက်ပေးပြီး ၄င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန်ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


