ပွင့်ဖြူ ၁ ဩဂုတ်
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြု ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ စည်ပင်သာယာဈေးအနောက်ဘက် မြေသားလမ်းအရှည်ပေ ၁၂၅၀ ပေ အား ကျေးရွာနေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် လမ်းအကျယ် ၁၂ ပေ ၊ ထု ၈ လက်မ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းအား ယခု ဩဂုတ်လ ပထမပတ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာနေပြည်သူများ နေ့စဉ်သွားလာအသုံးပြုနေသည့် ကျေးရွာစည်ပင်သာယာဈေး အနောက်ဘက်ရှိ အရှည်ပေ ၁၂၅၀ မြေသားလမ်းသည် ယခုလို မိုးတွင်းကာလများတွင် ရွှံဗွက်များဖြစ်ပေါ်နေ၍ ဒေသခံပြည်သူများ အတွက် ဈေးသွားဈေးပြန်သွားလာရာတွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း သိရ၍ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၄ သန်းဖြင့် အဆိုပါ မြေသားလမ်းအရှည်ပေ ၁၂၅၀ ပေ အား လမ်းကျယ် ၁၂ ပေ ၊ ထု ၈ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ယင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိတွင် လမ်းအရှည်ပေ ၉၈၀ အထိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကာ လုပ်ငန်းပြီးစီးမှုအနေဖြင့် ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ကျေးရွာနေပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ကွန်ကရစ်လမ်းအဖြစ် လမ်းအဆင့်မြှင့်တင် ဆောင်ရွက်နေမှုလုပ်ငန်းအား လုပ်ငန်းအရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ကာ စဉ်ဆက်မပြတ် လုပ်ငန်းအရည်အသွေးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယခု ဩဂုတ်လ ပထမပတ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပါက ကုန်းဇောင်းကျေးရွာနေပြည်သူများ ရာသီမရွေး ဈေးသွား ဈေးပြန် အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကိုပါ အချိန်ကုန် လူပင်ပန်း သက်သာစွာဖြင့် သယ်ယူပို့ဆောင်ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးမျိုးဝင်း ၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


