ပွင့်ဖြူ ၁ ဩဂုတ်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း ၁၄ ကျောင်း မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ယာယီပိတ်ထားခဲ့ရပြီး ယနေ့ ဩဂုတ် ၁ ရက်နေ့တွင် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ယာယီပိတ်ထားသည့်ကျောင်းများအနက် စာသင်ကျောင်း ၁၀ ကျောင်း ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူများကို ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ရုံးမှသိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပိတ်ထားရသည့်အခြေခံပညာစာသင် ကျောင်း ၁၄ ကျောင်းတွင် မူလတန်းကျောင်း ၁၁ ကျောင်း ၊ အလယ်တန်းကျောင်း တစ်ကျောင်း ၊ အထက်တန်း ကျောင်း တစ်ကျောင်းနှင့် အထက်တန်းကျောင်းခွဲ တစ်ကျောင်း ၊ စုစုပေါင်း ကျောင်း ၁၄ ကျောင်း ယာယီပိတ်ထား ရကြောင်း သိရသည်။ အဆိုပါ ယာယီပိတ်ထားသည့်ကျောင်းများအနက် ဇူလိုင် ၂၈ ရက်နေ့က ဧရာဝတီမြစ်ရေ ကျဆင်းသွားသဖြင့် ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ် နိုင်ခဲ့သည်။
ယနေ့ ဩဂုတ် ၁ ရက်နေ့တွင် ဧရာဝတီမြစ်ရေများ ထပ်မံကျဆင်းသွား၍ ပွင့်ဖြူမြို့နယ် မြင်းခြံစုကျေးရွာ(အ.မ.က)၊ ကူကြီးကျေးရွာ(အ.မ.က)၊ ကျွန်းကလေးကျေးရွာ(အ.မ.က)၊ ကံလှကျေးရွာ(အ.မ.က)၊ ငှက်တောကုန်းကျေးရွာ (အ.မ.က)၊ ကြည်ကုန်းကျေးရွာ (အ.မ.က)၊ ကျောင်းစုကျေးရွာ(အ.မ.က)၊ ရေချမ်းစဉ်ကျေးရွာ (အ.မ.က)၊ ဇေယျာမြိုင် ကျေးရွာ(အ.မ.က)၊ ရှားတောကျွန်းကျေးရွာ(အ.ထ.က - ခွဲ)ကျောင်း ၊ စုစုပေါင်း စာသင်ကျောင်း ၁၀ ကျောင်း ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး တာဝန်ကျဆရာ၊ ဆရာမများမှ ကျောင်းသား ကျောင်းသူများ စာသင်ချိန် သင်ခန်းစာ နောက်မကျရေးအတွက် သင်ကြားပေးနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယခုလက်ရှိတွင် ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားသဖြင့် ယာယီပိတ်ထားရသည့် စာသင် ကျောင်း ၁၄ ကျောင်းအနက် စာသင်ကျောင်း ၁၁ ကျောင်း ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးနေပြီဖြစ်ပြီး စာသင်ကျောင်း ၃ ကျောင်းမှာ ဧရာဝတီမြစ်ရေဝင်ရောက်နေဆဲဖြစ်၍ ဖွင့်လှစ်ရန် အဆင်မပြေသေးကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော် (ဒုတိယမြို့နယ်ပညာရေးမှူး) ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


