ခန္တီး ၁ သြဂုတ်
စစ်ကိုင်တိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာရာ စိုးရိမ်အမှတ်ထက် ၁၄၄၀ စင်တီမီတာသို့ ရောက်ရှိပြီး ခန္တီးမြို့တွင်း ရေကြီးရေလျံမှုများဖြစ်ပေါ်ကာ အောင်သာရေထိန်းတံခါး ဘေးဝဲယာနှင့်ချင်းတွင်းမြစ်ဘေးတာဘောင်များ ရေတိုက်စားပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ခန္တီးမြို့တွင်း ချင်းတွင်းမြစ်ရေဝင်ရောက်ခဲ့သော အောင်သာရေထိန်းတံခါး ဘေးဝဲယာနှင့် ချင်းတွင်းမြစ်ဘေးတာဘောင်များ ရေတိုက်စားပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော နေရာများအား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးခင်မောင်ဆင့်နှင့်ကော်မတီဝင်များ/ စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြေတူးစက် (JPC)တစ်စီးနှင့်မြေသယ်ကားနှစ်စီးတို့ဖြင့် တာဘောင်များမြေဖို့ခြင်း ရေထိန်းတံခါးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
"ရေထိန်းတံခါးက မြို့ရိုးတာဘောင်အောက်နိမ့်နေတော့ မြစ်ရေတက်လာပြီဆိုရင် မြို့တွင်းမြေနိမ့်ပိုင်းနေရာသို့ ရေထိန်းတံခါးနေရာမှ မြစ်ရေအရင်ဝင်တော့တာပဲ။ မြစ်ရေစဝင်လာတဲ့ ရေထိန်းတံခါးနှင့်တာဘောင်အနိမ့်ပိုင်း နေရာများကို မြေဖို့ ပြုပြင်လိုက်တော့ ခန္တီးမြို့အတွက်စိတ်ချရပြီ "ဟုဒေသခံ ကိုရှမ်းလေး ကပြောသည်။
ချန်လော (ခန္တီး)


