မော်လမြိုင် ၁ သြဂုတ်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇူလိုင် ၃၁ ရက် မွန်းလွဲ ၂ နာရီက ကျိုက်မရောမြို့နယ် အတ္ထရံမြစ်ကူး(စံပယ်ဂူ)တံတားတည်ဆောက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား တံတားရှင်းလင်းဆောင်တွင် အတ္ထရံမြစ်ကူး(စံပယ်ဂူ)တံတားတည်ဆောက်ရေး တံတားအထူးအဖွဲ့(၁၄)မှ တာဝန်ရှိသူများက တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ တံတားချဉ်းကပ်လမ်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ၍ ဝန်ကြီးချုပ်မှ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် လာမည့်ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အတ္ထရံမြစ်ကူး(စံပယ်ဂူ)တံတားသည် သံမဏိသံဘောင်ဂုံးတံတား၊ သံကူကွန်ကရစ် ကိုယ်ထည်တံတား အမျိုးအစားဖြစ်ပြီး တံတားအရှည်မှာ ၆၄၄.၁ မီတာ(၂၁၁၃ ပေ ၂ လက်မ)ရှိရာ တံတားတစ်စင်းလုံးပြီးစီးမှု ရာခိုင်နှုန်းမှာ ၁၈ ရာခိုင်နှုန်းရှိကြောင်း တံတားအထူးအဖွဲ့(၁၄)မှ သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိုက်မရောမြို့ ဈေးတည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
MDN


