စလင်း ၁ သြဂုတ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးကျေးရွာများရှိ အခြေခံပညာကျောင်းများအတွင်းသို့မြစ်ရေဝင်ရောက်သဖြင့် ယာယီပိတ်ထားရ သောစာသင်ကျောင်း ၂၆ ကျောင်းအား မြစ်ရေကျဆင်းသွားပြီးဖြစ်သဖြင့် ယနေ့သြဂုတ်လ ၁ ရက်နေ့မှစ၍ ကျောင်းများအားလုံးပြန်လည်ဖွင့်လှစ်ကာ ကျောင်းသား/သူများအားဆက်လက်ပညာသင်ကြားပေးလျှက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
စလင်းမြို့နယ်အတွင်းတွင် ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အ.မ.က (၁၅)ကျောင်း၊ မူလတန်းလွန် (၆)ကျောင်း၊ အ.လ.က (၂)ကျောင်း၊ အ.ထ.က(ခွဲ) (၂)ကျောင်း၊ အ.ထ.က (၁)ကျောင်း စုစုပေါင်း ၂၆ ကျောင်းယာယီပိတ်ထားရပြီး ယခုအခါမြစ်ကျဆင်းသွားပြီဖြစ်သဖြင့် အဆိုပါကျောင်းများအားလုံး ယနေ့မှစ၍ကျောင်းများဖွင့်လှစ်ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
ယင်းကျောင်းပိတ်ရက်များကို ကျောင်းသားကျောင်းသူများအား သင်ခန်းစာနောက်မကျစေရေး အပတ်စဉ်ပုံမှန်ကျောင်းပိတ်ရက်အဖိတ်နေ့တိုင်းတွင် ကျောင်းဖွင့်ရက်အဖြစ် အစားထိုး သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
စိုးမိုးသူ(စလင်း)


